ခရစ္စတယ်ပဲလေ့စ် အသင်းနှင့် ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ပြီး လီဗာပူးအသင်း တိုက်စစ်မှူး မာနေး အသင်းအတွက် သွင်းဂိုး ၁ဝဝ ပြည့်စံချိန်အပြင် တခြားစံချိန်ကောင်း နှစ်ခုတင်နိုင်

ခရစ္စတယ်ပဲလေ့စ် အသင်းနှင့် ပွဲစဉ်၌ ဂိုးသွင်းယူနိုင်ပြီး လီဗာပူးအသင်း တိုက်စစ်မှူး မာနေး အသင်းအတွက် သွင်းဂိုး ၁ဝဝ ပြည့်စံချိန်အပြင် တခြားစံချိန်ကောင်း နှစ်ခုတင်နိုင်

ပရီးမီးယားလိဂ်ပွဲစဉ်(၅) အဖြစ်ကစားသည့် လီဗာပူးအသင်းနှင့်   ခရစ္စတယ်ပဲလေ့စ် အသင်းတို့ပွဲစဉ်၌  လီဗာပူးအသင်းအတွက် မာနေးက တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး  အသင်းအတွက် သွင်းဂိုး ၁ဝဝ ပြည့်စံချိန်အပြင် တခြားစံချိန်ကောင်း နှစ်ခုကိုလည်း  တင်နိုင်ခဲ့ကြောင်း  သိရသည်။

အဆိုပါပွဲစဉ်၌   လီဗာပူးအသင်းက  ခရစ္စတယ် ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိရာ ပွဲချိန် ၇၈  မိနစ်တွင်  မာနေးက  ဂိုးသွင်းယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မာနေးသည် ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူး အသင်းနှင့်  ပုံမှန်ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ  ရုန်းကန် ခဲ့ရသော်လည်း  ယခုဘောလုံးရာသီတွင်  ပြန်လည် ခြေစွမ်းပြကာ ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်၌ မာနေးက ဂိုးသွင်းယူနိုင်ပြီးနောက် လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁ဝဝ ပြည့်မြောက်ခဲ့ပြီး   လီဗာပူးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုး ၁ဝဝ ပြည့်မြောက်သည့် ၁၈ ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ဘက်အသင်း တစ်သင်းတည်းအား ပွဲဆက်အများဆုံး ဂိုးသွင်းယူနိုင်သည့် ကစားသမားဖြစ်သော အာဆင်နယ်အသင်းနှင့်  မန်ယူအသင်း ကစားသမားဟောင်း ရော်ဘင်ဗန်ပါစီသည် စတုတ်စီးတီး အသင်းနှင့် ရှစ်ကြိမ်ရင်ဆိုင်ခဲ့ရာ ရှစ်ကြိမ်စလုံး ဂိုးသွင်းယူနိုင်ပြီး ပြိုင်ဘက်အသင်းတစ်သင်းတည်းအား  အကြိမ်ဆက် အများဆုံး ဂိုးသွင်းယူနိုင်သည့် စံချိန်တင်ထားခဲ့ခြင်းကို   ယခုအခါ မာနေးက ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မာနေးသည် ဆောက်သမ်တန်အသင်းနှင့် လီဗာပူး အသင်းကစားသမားဘဝဖြင့် ခရစ္စတယ်ပဲလေ့စ် အသင်းနှင့်  ယခုတစ်ကြိမ် တွေ့ဆုံမှုသည်  ကိုးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ကိုးကြိမ်စလုံးတွင်  ဂိုးသွင်းယူနိုင်ခဲ့ ပြီးနောက်    ပြိုင်ဘက်အသင်း တစ်သင်းတည်းအား ရှစ်ပွဲဆက်ဂိုးသွင်း ယူနိုင်သည့်စံချိန်ကို မာနေးက ကိုးပွဲ ဆက်ဖြင့် စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ  ခရစ္စတယ်ပဲလေ့စ် အသင်းနှင့်ကစားသည့် ပွဲစဉ်၌   ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်  ၎င်း၏ ပရီးမီးယားလိဂ် သွင်းဂိုး   ၉၈   ဂိုးအထိ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်   ချယ်လ်ဆီး အသင်းဂန္ထဝင် ကစားသမားဟောင်း ဒီဒီယာဒရော့ဘာ နှင့် လက်ရှိလီဗာပူး အသင်းဖော် ဆာလက်ချ်တို့ပြီးလျှင် တတိယမြောက်သွင်းဂိုး အများဆုံး   အာဖရိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

မာနေးသည်  ၂ဝ၁၆   ခုနှစ်က ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၂၂၄ ပွဲကစားခဲ့ကာ သွင်းဂိုး ၁ဝဝ ပြည့်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။