ခရီးသွားလာခွင့် ပြန်လည်ခွင့်ပြုချိန်တွင် အဆင်သင့်ဖြစ်ရန် ပုဂံဒေသ ခရီးစဉ်များကို ပြင်ဆင်ထား

COVID-19 ရောဂါကာလ အလွန်ခရီးသွားလာခွင့်  ပြန်လည်ခွင့်ပြုချိန်တွင် အဆင်သင့်ဖြစ်ရန်  ပုဂံဒေသခရီးစဉ်များကို    ပြင်ဆင်ဆောင်ရွက် ထားကြောင်း  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။

''ခရီးသွားလာခွင့်ပြုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ခရီးသွားဝင်ရောက်ဖို့ ခွင့်ပြုလာတဲ့အခါ ပြင်ဆင်ထားတဲ့ အခြေအနေတွေကို စစ်ဆေးမှာပါ'' ဟု အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်းအောင်ကပြောသည်။

ယခုအချိန်တွင်   ခရီးသွားလာခွင့်ကို ပြန်လည်ခွင့်ပြုမည်ဆိုပါက ပုဂံဒေသဘုရားများ၊ မူလဖွင့်လှစ် ခွင့်ပြုထားသည့် ဟိုတယ်များနှင့် တည်းခိုရိပ်သာများကို  သတ်မှတ် စည်းကမ်းချက်များနှင့်အညီ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊လက်ရှိတွင်  ပြည်တွင်းလေကြောင်းလိုင်းများကို ဒီဇင်ဘာ ၁၆ ရက်မှစ၍  ပျံသန်းပေးနေသော်လည်း  လုပ်ငန်းတာဝန်များနှင့် အကြောင်း အမျိုးမျိုးကြောင့် သွားလာရ ခက်ခဲသူများအတွက်  အဓိကဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂံဒေသခရီးစဉ် ပြန်လည်ဖွင့်လှစ်ချိန်တွင် လူသိနည်းနေသည့်  နေရာဒေသ အသစ်များသို့ပါ သွားရောက်လည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားကြောင်း သိရသည်။