ချက်အသင်းက တစ်ယောက်လျော့ နယ်သာလန်အသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ပြီး ဒိန်းမတ်အသင်းနှင့် ကစားရမည်

ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ် အဖြစ် ဇွန် ၂၇ ရက်ညက ချက်အသင်းနှင့် နယ်သာလန်အသင်းတို့  ယှဉ်ပြိုင်ကစားရာ  ချက်အသင်းက တစ်ယောက်လျော့  နယ်သာလန်အသင်းကို  အနိုင်ရရှိပြီး  ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ဒိန်းမတ်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  နှစ်သင်းစလုံး  အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ရှိခဲ့ပြီး အစောပိုင်း က နယ်သာလန်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး  ဖြင့်ကစားနိုင်ခဲ့ကာ  နယ်သာလန်အသင်းမှ    တိုက်စစ်မှူး မာလန်း   ချက်အသင်း ခံစစ်ကစားသမားကို အကောင်းဆုံးကျော်ဖြတ်ကာ ချက်အသင်း ဂိုးသမားနှင့်   တစ်ဦးတည်း တွေ့ဆုံပြီး   အပိုင်ဂိုးသွင်းခွင့် ရရှိသော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် နယ်သာလန်အသင်းအတွက် နစ်နာခဲ့ရကာ ပွဲချိန် ၅၂  မိနစ်တွင်  နယ်သာလန်အသင်း  အဓိကခံစစ်ကစားသမား  ဒီလစ်   ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ လက်ဖြင့်ပုတ်ကာ   ဖျက်ထုတ်ခဲ့သည့်အတွက်   ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။

နယ်သာလန်အသင်း   တစ်ယောက်လျော့ခဲ့ပြီး နောက်ပိုင်း ချက်အသင်းက ဖိအားပေး ကစားနိုင်ကာ ပွဲချိန် ၆၈ မိနစ်တွင် ဟိုးလက်နှင့် ပွဲချိန် မိနစ် ၈ဝ တွင်  ပက်ထရစ်ချက်က ချက်အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူပေးနိုင်ကာ  ပွဲပြီးဆုံးချိန်တွင်  ချက်အသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင်   နယ်သာလန်အသင်းသည် ကစားသမားတစ်ယောက် မလျော့မီက  ချက်အသင်းကို  ဖိအားပေးကစားနိုင်သော်လည်း  ဂိုးပေါက်တည့်ကန်မှု မရှိဘဲ   ယူရိုပြိုင်ပွဲစတင် ကျင်းပသည့်အချိန်မှ စတင်ကာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှမရှိသည့် အသင်းအဖြစ် မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့သည်။

အလားတူ  အနီကတ်ပြသခံရသည့်  ဒီလစ်သည်လည်း နယ်သာလန်အသင်း သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲများတွင် စတုတ္ထမြောက် အနီကတ်ပြသ ခံရသည့် ကစားသမားတစ်ဦးဖြစ်ခဲ့သည်။

ယူရို   ၂ဝ၂ဝ   ပြိုင်ပွဲ    ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်အဖြစ်   ချက်အသင်းနှင့်   ဒိန်းမတ်အသင်းတို့သည်   ဇူလိုင် ၃ ရက်တွင်  အဇာဘိုင်ဂျန်မြို့  ဘူကာ အားကစားကွင်း၌   ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။

Ref;90Min