ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်၌ ဘိုင်ယန်မြူးနစ်နှင့် ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက်တွေ့ ဆုံမှုကြောင့်

မန်စီးတီးအသင်း ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပြီး ယူရိုပါလိဂ်၌ မန်ယူအသင်း ပွဲချောင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်အတွက် ပွဲစဉ်များ မဲခွဲပွဲအခမ်းအနားကို မတ် ၁၉ ရက်က ကျင်းပခဲ့ရာ မဲခွဲပွဲအပြီးတွင် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေမှုကြောင့် မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံဆုဆွတ်ခူးရန် ရေပန်းအစားဆုံး အသင်းဖြစ်လာခဲ့ကာ ယူရိုပါလိဂ် ပြိုင်ပွဲ၌လည်း မန်ယူအသင်းအနေဖြင့် ပွဲချောင်နေပြီး ဆီမီးဖိုင်နယ် အဆင့်တက်ရောက်ရန် အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အစောပိုင်းက  ချန်ပီယံလိဂ်ပြိုင်ပွဲ၌  ရေပန်းအစားဆုံးအသင်းအဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်း နှင့် ပီအက်စ်ဂျီအသင်းတို့ ရေပန်းစားခဲ့သော်လည်း အဆိုပါနှစ်သင်း ကွာတားဖိုင်နယ်အဆင့်၌ပင်  ထိပ်တိုက် တွေ့ဆုံနေသည့်အတွက် မန်စီးတီးအသင်း ရေပန်းအစားဆုံး အသင်းဖြစ်လာခဲ့ကြောင်း  ဗြိတိန် အခြေစိုက်  နာမည်ကြီးဘွတ်ကီဒိုင်ဖြစ်သည့် Sporting Bet UK က ဖော်ပြသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်အတွက် မဲခွဲမှုများအပြီး တွင် မန်စီးတီးအသင်းနှင့် ဒေါ့မွန်အသင်း၊ ပေါ်တိုအသင်းနှင့် ချယ်လ်ဆီး အသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်း၊ ရီးယဲလ် မက်ဒရစ် အသင်းနှင့် လီဗာပူးအသင်းတို့ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။ ဆီမီးဖိုင်နယ် အဆင့်တက်ရောက်မည့် လမ်း ကြောင်းတွင်  ဘိုင်ယန်မြူးနစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့မှ အနိုင်ရရှိမည့်အသင်းနှင့် မန်စီးတီး အသင်း နှင့် ဒေါ့မွန်အသင်းတို့မှအနိုင်ရရှိမည့်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်မှ အနိုင်ရရှိမည့်အသင်းနှင့် ပေါ်တိုအသင်းနှင့် ချယ်လ်ဆီးအသင်းတို့မှ အနိုင်ရရှိမည့် အသင်းတို့သည် ဆီမီးဖိုင်နယ်အဆင့်၌ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။

Sporting Bet UK ၏ခန့်မှန်းဖော်ပြချက်များအရ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့် မဲခွဲမှုများ အပြီးတွင် ချန်ပီယံဆုအတွက် မန်စီးတီးအသင်းက ၉ လေး/၄ လေးဖြင့် ထိပ်ဆုံးတွင်ရပ်တည်ခဲ့ပြီး အဆင့်(၂) နေရာတွင် ဘိုင်ယန်မြူးနစ်အသင်းက  ၇ လေး/၂ လေး၊ အဆင့်(၃)နေရာတွင် ချယ်လ်ဆီးအသင်းက ၅ လေး/၁ လေး၊  အဆင့်(၄)နေရာတွင် လီဗာပူးအသင်းက ၆ လေး/၁ လေး၊ အဆင့်(၅)နေရာတွင် ပီအက်စ်ဂျီအသင်းက ၇ လေး/၁ လေး၊ အဆင့်(၆)နေရာတွင် ရီးယဲလ်မက်ဒရစ်အသင်းက ၁၀ လေး/၁ လေး၊ အဆင့်(၇)နေရာတွင် ဒေါ့မွန်အသင်းက ၂၅ လေး/၁ လေးနှင့် အဆင့်(၈)နေရာတွင် ပေါ်တိုအသင်းက ၃၃ လေး/၁ လေးဖြင့် ရပ်တည်ခဲ့ကြသည်။

လက်ရှိ  ခြေစွမ်းပိုင်းအရ  မန်စီးတီးအသင်းက အကောင်းဆုံးအနေအထားတွင်ရှိနေပြီး  နောက်ဆုံးကစားခဲ့ သည့် ပြိုင်ပွဲစုံ ၂၅ ပွဲ၌လည်း  မြို့ခံပြိုင်ဘက် မန်ယူအသင်းတစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ကာ သရေရလဒ်ပင် မရရှိခဲ့ဘဲ ၂၄ ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည့်ခြေစွမ်းများကြောင့် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ် အဆင့် ၌လည်း ဒေါ့မွန်အသင်းကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည့်အပြင် ဆီမီးဖိုင်နယ်အဆင့်၌ ပီအက်စ်ဂျီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့မှ တက်ရောက်လာမည့်အသင်းကို အနိုင်ယူကျော်ဖြတ်နိုင် မည်ဆိုပါက ချန်ပီယံဆုအတွက် အနီးစပ်ဆုံးအနေအထားသို့ ရောက်ရှိလာဖွယ်ရှိနေခြင်း ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များ ကို ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်းကောင်း၊ ဒုတိယ အကျော့ပွဲစဉ်များကို မေ ၄ ရက်နှင့် ၅ ရက်တို့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို တူရကီ နိုင်ငံ၌ မေ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အလားတူ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် မဲခွဲမှုများပြုလုပ်အပြီးတွင် လည်း ချန်ပီယံဆုအတွက် ရေပန်းအစား ဆုံးဖြစ်နေသည့် မန်ယူအသင်းသည် စပိန်ကလပ် ဂရန်နာဒါအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ဆီမီး ဖိုင်နယ်အဆင့်တက်ရောက်ရန် အခြေအနေကောင်းမွန်နေသည်။ တခြားပွဲစဉ်များအဖြစ် အာဆင်နယ် အသင်းနှင့် ဆလားဗီးယားပရပ်ဂ် အသင်း၊ အေဂျက်အသင်းနှင့် ရိုးမားအသင်း၊ ဒိုင်နမိုဇာဂရက်အသင်း နှင့် ဗီလာရီးယဲလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ကွာတားဖိုင်နယ်ပွဲစဉ်များပြီးလျှင် ဆီမီးဖိုင်နယ်အဆင့်ကို မန်ယူအသင်းနှင့် ဂရန်နာဒါအသင်းတို့မှ အနိုင်ရရှိ သည့်အသင်းနှင့် အေဂျက်အသင်းနှင့် ရိုးမားအသင်းတို့မှ အနိုင်ရရှိသည့်အသင်း၊ အာဆင်နယ်အသင်းနှင့် ဆလားဗီးယားပရပ်ဂ်အသင်းတို့မှ အနိုင်ရရှိသည့်အသင်း၊ ဒိုင်နမိုဇာဂရက်အသင်းနှင့် ဗီလာရီးယဲလ် အသင်းတို့မှ အနိုင်ရရှိသည့် အသင်းတို့   ဆီမီးဖိုင်နယ်အဆင့်၌   ထိပ်တိုက်တွေ့ဆုံရမည်ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၈ ရက်နှင့် ဒုတိယ အကျော့ပွဲစဉ် များကို ဧပြီ ၁၅ ရက်တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၂၉ ရက်နှင့် ဒုတိယအကျော့ပွဲစဉ်များကို မေ ၆ ရက်တွင်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို မေ ၂၆ ရက်တွင် ပိုလန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Ref;The Guardian