ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး

ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး

နေပြည်တော်၊ ဇူလိုင် - ၂၄
    
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းနှင့် အင်းတော်ချောင်းတို့၌် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ကာမိုင်းမြို့နယ်၊ မြို့မရပ်ကွက် အတွင်းသို့ ရေများ ၃ ပေခန့်ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၆၀ ဦးတို့ကို ဇူလိုင် ၂၃ ရက်တွင် ကာမိုင်းမြို့၊ မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝန်းနှင့် မအူပင်ရပ်ကွက်ရှိ အသင်းတော်များပိုင် နေအိမ်များသို့ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက် ပေးသည်။
    
ထို့နောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့်ပြည်သူများအား ရွှေဖီဦး လက်ဖက်ရည်ထုပ်များ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။
    
ထို့ပြင် မိုးကောင်းချောင်းရေမြင့်တက်ပြီး ရေဝင်ရောက်ခဲ့မှုကြောင့် ရေကင်းလွတ် သည့်နေရာများသို့ ခေတ္တရွှေ့ပြောင်းပေးခဲ့သည့် ရှဒူဇွပ်ကျေးရွာမှ ရေဘေးသင့်ပြည်သူများကို ယခုအခါ ချောင်းရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ၎င်းင်းတို့၏နေအိမ်များသို့ နယ်မြေခံ  တပ်မတော်သားများက ဇူလိုင် ၂၃ ရက်တွင် ပြန်လည်ရွှေ့ပြောင်းပေးခြင်းနှင့်  ရေကျချိန်တွင် တင်ကျန်ခဲ့သည့် နှုံးမြေများအား ဖယ်ရှားခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။