ဂရိက ပြင်သစ်မှ ဖရီးဂိတ် စစ်ရေယာဉ်သုံးစင်း ဝယ်ယူမည်

ဂရိက ပြင်သစ်မှ ဖရီးဂိတ် စစ်ရေယာဉ်သုံးစင်း ဝယ်ယူမည်

ဂရိနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံမှ ဖရီးဂိတ်စစ်ရေယာဉ် သုံးစင်းဝယ်ယူမည် ဖြစ်ကြောင်းနှင့် ထိုသို့ဝယ်ယူခြင်းသည် မြေထဲပင်လယ် အတွင်းရှိ တူညီသော အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်   နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ပြင်သစ်သမ္မတ   အမ်မန်နျူယယ်မက်ခရွန် က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။

ထို့ပြင် အဆိုပါ သဘောတူညီချက်သည် ဥရောပ မဟာဗျူဟာမြောက် နိုင်ငံဆီသို့ ရဲရဲတင်းတင်း ချီတက်မှု၏   ပထမဆုံး ခြေလှမ်းဖြစ်ကြောင်း   ပြင်သစ်သမ္မတက ဆက်ပြောသည်။

အလားတူ ဂရိနိုင်ငံ၏ ဆုံးဖြတ်ချက်သည် ပြင်သစ်ကာကွယ်ရေး စက်မှုလုပ်ငန်းအပေါ် ယုံကြည်မှုပြသခြင်းဖြစ်ပြီး အထူးသဖြင့် အမေရိကန်နိုင်ငံမှ လော့ဟိမာတင် ကုမ္ပဏီထက် ပြင်သစ်ကို ရွေးချယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြင်သစ်နိုင်ငံသည်  သြစတြေးလျက ဝယ်ယူမည့်   ယူရိုဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ရေငုပ်သင်္ဘောဝယ်ယူရေး စာချုပ်ဖျက်သိမ်းခံရပြီးနောက် ဂရိထံသို့ဖရီးဂိတ်သင်္ဘောများ ရောင်းချရေး စာချုပ်ကို ချုပ်ဆိုခြင်းဖြစ်သည်။

သြစတြေးလျသည် အမေရိကန်၊ ဗြိတိန်တို့နှင့်    စစ်ရေးမဟာမိတ် အဖွဲ့ဖွဲ့ကာ အမေရိကန်ထံမှ  နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို  ဝယ်ယူရန်သဘောတူထားသည့်အတွက်   ပြင်သစ်ထံမှရေငုပ်သင်္ဘောများ ဝယ်ယူရေး စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ဥရောပအနေဖြင့် စစ်လက်နက်ပစ္စည်းနှင့် ကာကွယ်ရေး ကဏ္ဍတွင် အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချပြီး  ကိုယ့်အားကိုယ်ကိုးသင့်ကြောင်း ပြင်သစ်သမ္မတက ယခင်ကတည်းက သတိပေးထားသည်။

ဂရိနိုင်ငံက ယခုဝယ်ယူသည့်  ဖရီးဂိတ်စစ်ရေယာဉ် အမျိုးအစားများနှင့် ကုန်ကျငွေများကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ထိုစစ်ရေယာဉ်များကို ၂ဝ၂၄ ခုနှစ်တွင်  စတင်လွှဲပြောင်းပေးရန် ပါဝင်သည်။

Ref: TST, Yahoo