ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရန် ကြိုးပမ်းသင့်ဟုဆို

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရန် ကြိုးပမ်းသင့်ဟုဆို

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ပိုင်ဆိုင်ရန် ကြိုးပမ်းသင့်ပြီး လေ့လာမှုများကို လုပ်ဆောင်သင့်ကြောင်း အာဏာရပါတီ ဥက္ကဋ္ဌ အဖြစ်ဝင်ရောက် အရွေးခံမည့် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း တာရိုကိုနိုက စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်မှု အကြောင်းပြောလျှင် ဂျပန်နိုင်ငံအနေဖြင့်  ထိုကဲ့သို့သော ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေးက အရေးကြီးသည်ဟု ထင်မြင်ကြောင်း၊ သို့သော် ထိုရေငုပ်သင်္ဘောများကို အသုံးပြုမည့် နယ်ပယ်၊ ကုန်ကျစရိတ်နှင့်အခြားအကြောင်းအရာများ ကဲ့သို့သော သုတေသနပြု လေ့လာမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်သည်ဟု ယူဆကြောင်း တာရိုကိုနိုက Fuji TV  သတင်းဌာနသို့ပြောသည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ လုံခြုံရေးရှုထောင့်မှ ကြည့်၍ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ လိုအပ်ချက်အကြောင်း ပြောရလျှင် အမှန်တကယ် လိုအပ်သည့်အတိုင်း အတာသည်သာ အရေးကြီးသည်ဟု ထင်မြင်ကြောင်း တာရိုကိုနို၏ ပြိုင်ဘက်ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖူမီအိုကီရှီဒါက ပြောသည်။

လက်ရှိ    အာဏာရပါတီဖြစ်သည့်  လစ်ဘရယ်ဒီမိုကရက်တစ် ပါတီအနေဖြင့် ၎င်းတို့၏ ပါတီဥက္ကဋ္ဌကို စက်တင်ဘာ ၂၉  ရက်တွင် ရွေးချယ်သွားမည်ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ယိုရှီဟီဒဲဆူဂါက ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းမှာ စက်တင်ဘာ ၃ဝ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ယခုလအစောပိုင်းကတည်းက ကြေညာထားသည်။

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်သင့်သည်ဟူသော  ပြောဆိုချက်များသည် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က စစ်ရေး မဟာမိတ်ဖွဲ့ပြီး    သြစတြေးလျ အတွက် ထိုကဲ့သို့သော ရေငုပ်သင်္ဘောများ တည်ဆောက်ပေးရန် သဘောတူပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။