ဂျာမနီအသင်းနှင့်ကစားမည့် ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ပြင်သစ်အသင်း တိုက်စစ်မှူးဘင်ဇီမာ ဒူးဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေ

ပဲရစ်၊ ဘောလုံး

ပြင်သစ်အသင်းတိုက်စစ်မှူး ဘင်ဇီမာသည် ဒူးဒဏ်ရာကြောင့် ဂျာမနီအသင်းနှင့်ကစားမည့် ယူရို ၂၀၂၀   ပြိုင်ပွဲ   အုပ်စုအဖွင့်ပွဲစဉ်ကို  လွဲချော်ဖွယ်ရှိကြောင်း နည်းပြဒက်ချမ့်က ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ဘင်ဇီမာသည် ပြင်သစ်အသင်းနှင့် ခြောက်နှစ်ကျော်ကြာဝေးကွာပြီးနောက် ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ပြန်လည်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး မေ ၉ ရက် နံနက်ပိုင်းက ခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ဘူလ်ဂေးရီးယားအသင်းနှင့်ပွဲစဉ်၌ ပွဲချိန် ၃၇ မိနစ်တွင်  ဘူလ်ဂေးရီးယားအသင်းမှ ရီဆော့ဗ်၏ ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့်   ဒူးဒဏ်ရာရရှိခဲ့ပြီး နောက် ပွဲချိန် ၄၁ မိနစ်တွင် ဆက်လက်ကစားနိုင်ခြင်းမရှိဘဲ လူစားလဲထွက်ခွာခဲ့ရသည်။

နည်းပြဒက်ချမ့်က “ဘင်ဇီမာအနေနဲ့ စိတ်မကောင်းစွာနဲ့ပဲ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ အရဲစွန့်ပြီး အသုံးမပြုချင်ပါဘူး။ သူ့အနေနဲ့ လက်ရှိအချိန်မှာ အသင်းဆေးအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘယ်အချိန်ထိ အနားယူရမလဲဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ သူမပါဝင်နိုင်ဖို့များပါတယ်” ဟု ပြောသည်။

ပြင်သစ်အသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၆ ရက်တွင် ဂျာမနီအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရ သည်။

Ref;Eurosports