ဂျာမနီအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်း ဂန္ထဝင်ကစားသမားကြီး ဂက်စ်မူလာ အသက် ၇၅ နှစ်အရွယ်တွင်ကွယ်လွန်

မြူးနစ် သြဂုတ် ၁၆

ဂျာမနီအသင်းနှင့်   ဘိုင်ယန်မြူးနစ်အသင်းတို့၌ အောင်မြင်မှုများစွာရယူနိုင်ခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံး သမိုင်းတွင် စံချိန်ကောင်းများစွာ ရယူနိုင်ခဲ့သည့် ဂန္ထဝင်ကစားသမားကြီး ဂက်စ်မူလာသည် အသက် ၇၅ နှစ်အရွယ်တွင် အယ်လ်ဇိုင်းမားရောဂါဖြင့် ကွယ်လွန်သွား ကြောင်း သိရသည်။

ဂက်စ်မူလာသည်  ၂၀၁၅ ခုနှစ်မှစ၍  အယ်လ်ဇိုင်းမားရောဂါခံစားခဲ့ရပြီးနောက်   နေအိမ်၌သာ အထူးကြပ်မတ်ပြီး   ဆေးဝါးကုသမှု များခံယူခဲ့ကာ  သြဂုတ် ၁၅ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဂက်စ်မူလာသည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို ၁၉၅၈ ခုနှစ်က နော့လင်ဂျန်အသင်းနှင့်အတူ စတင်ခဲ့ပြီး   ၁၉၆၄  ခုနှစ်တွင်  ဘိုင်ယန်မြူးနစ် အသင်းသို့ စတင်ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ ဂက်စ်မူလာသည် ဘိုင်ယန်မြူးနစ်အသင်း၌ ၁၆ နှစ်ကျော် ကြာကစားခဲ့ရာတွင်   စုစုပေါင်း ၆၀၇ ပွဲအထိကစားခဲ့ပြီး ၅၆၆ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ သမိုင်းတစ် လျှောက် တွင်လည်း  သွင်းဂိုး  ၃၆၅ ဂိုးဖြင့် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်သည်။   

ဂက်စ်မူလာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဂျာမန်ဘွန်ဒက်စ်လီဂါဖလားလေးကြိမ်နှင့် တခြားဆုဖလားများစွာ ရယူနိုင်ခဲ့ကာ   ဂျာမန်ဘွန် ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဆုကို စုစုပေါင်းခုနစ်ကြိမ်အထိရရှိခဲ့ပြီး     အကြိမ်ရေ အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။

ဂက်စ်မူလာသည် ဂျာမနီအသင်းနှင့်အတူ ၆၂ ပွဲကစားခဲ့ရာ ၆၈ ဂိုးအထိသွင်းယူနိုင်ပြီး ၁၉၇၀ ပြည့်နှစ်ကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုရရှိခဲ့ကာ ၁၉၇၄ ခုနှစ်တွင် ကမ္ဘာ့ဖလားချန်ပီယံ ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

Ref;Bild