ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လူမဆန်စွာ ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့်  ဇာမဏီပြောက်ကျားအမည်ခံ      အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာလ ၂၂ ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလို လားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာ အနီး၌ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း သူတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ စိုင်းထက်အောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် ငါန်းဇွန် မြို့နယ်၊ နတ်ကြီးကျေးရွာတွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွေး ၊ အောင်ကိုလတ် ၊ ကျော်သူ ၊ ဖိုးဦး၊ ဇော်လင်းအောင် တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် ဇော်လင်းအောင်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ ကျား ၈ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း၊ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ ၊ ဖိုးဦးနှင့် ဇော်လင်းအောင်တို့သည် ဖမ်းဆီး ရန်ကျန် တရားခံ မင်းမင်းဦး ၏စည်းရုံးမှုဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ခန့်တွင် မြောင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီး ကိုင်းတောအတွင်း၌ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်ရေးသင်တန်း ၁ လခန့် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ထို့အပြင် ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ် မှုများ ဆောင်ရွက်ရန်အတွက် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ အောင်ဝင်းဦး ခေါင်းဆောင်၍ စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း၊ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ၊ ဖိုးဦး၊ ဇော်လင်းအောင်နှင့် ဖမ်းဆီးရန်ကျန်တရားခံ မိုးကျော်ဦးမင်းမင်းဦး တို့အပါအဝင် အင်အား ၄၄ ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာဖြင့် လုပ်ကြံသတ်ဖြတ်မှု ၄ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်းနှင့် ဖမ်းဆီး ရန်ကျန်တရားခံ မင်းမင်းဦး အပါအဝင် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက် အဖွဲ့ဝင် ၁၅ ဦးသည် ငါန်းဇွန်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းထွန်းနှင့် ဇနီး ဒေါ်မြင့် တို့အား ဒလန်ဟု စွပ်စွဲ၍ လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦးနှင့် စိုင်းထက်အောင် တို့သည် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာ၌ အပြစ်မဲ့ပြည်သူ  ဦးမင်းအောင်အား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦးနှင့် စိုင်းထက်အောင် တို့အပါအဝင် ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၁၅ ဦးသည် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဘမော် အား ဒလန်ဟုစွပ်စွဲကာ ကန့်လန့်ကျေးရွာ အထက်တန်းကျောင်းအရှေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။

 

  • အလားတူ ယင်းနေ့တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော မင်းမင်းဦး ၏ စေခိုင်းချက်အရ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသည် ကန်သာကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးမျိုးမြင့် အား ဒလန်ဟုစွပ်စွဲကာ ကန်သာကျေးရွာ ရွာလယ်လမ်းမပေါ်၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။