ငါ့သရောက်မြို့ ကျေးရွာများ၌ စိုက်ပျိုးသည့် ခြောက်လပင်ပြန့်မြေပဲများ အောင်မြင်ဖြစ်ထွန်း

ငါ့သရောက်မြို့ ကျေးရွာများ၌ စိုက်ပျိုးသည့် ခြောက်လပင်ပြန့်မြေပဲများ အောင်မြင်ဖြစ်ထွန်း

 မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့အနီးဝန်းကျင် ကျေးရွာများ၌ ခြောက်လပင်ပြန့် မြေပဲများကို မေလမှ စတင်စိုက်ပျိုးခဲ့ရာ  လက်ရှိတွင်  မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အပြင်  ဒေသတွင်း  ယာလုပ်သား(လက်လုပ်/လက်စား) များမှာ   ပဲခင်းများတွင်ပေါင်း/မြက်နုတ်သည့် အလုပ်ဖြင့် ဝင်ငွေရရှိနေကြောင်း သိရသည်။

''ကျွန်တော်တို့ဒေသမှာတော့ လုပ်ကွက်ငယ်တဲ့ သူတွေနဲ့ ကိုယ်ပိုင်ယာ မရှိတဲ့ သူရင်းငှားလိုက်သူ အမျိုးသားတွေရော အမျိုးသမီးတွေပါ   အခုရက်ပိုင်းထဲ  မြေပဲခင်းပေါင်းနုတ်အငှားလိုက်ကြတာနဲ့     နေ့စဉ်ဝင်ငွေရပြီး      အဆင်ပြေနေကြပါတယ်။

အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်အားခ ငွေကျပ် ၄ဝဝဝ ရပါတယ်။ မိသားစုတစ်စု မှာ သုံးယောက်လောက် အငှားလိုက်နိုင်ရင် တစ်ရက်ကို ငွေကျပ် ၁၂ဝဝဝ ဝင်ငွေရှိပါတယ်။ မိုးဦးကောင်းလိုက်တာနဲ့ သီးနှံအထွက်နှုန်းတွေလည်း ကောင်းတော့ စားဝတ်နေရေးအတွက်   အဆင်ပြေကြတာပေါ့''ဟု ဆည်ကျေးရွာမှ ပေါင်းနုတ်အငှားလိုက်သည့်တောင်သူတစ်ဦးက ပြောသည်။

ငါ့သရောက်မြို့၌    ပဲစိုက်ပျိုးသည့် တောင်သူများ အနေဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့်  ပြည်တွင်းပြည်ပ ဝယ်လိုအားပေါ် အားထား၍ မြေပဲကို စိုက်ပျိုးကြခြင်းဖြစ်ပြီး ယခုနှစ် မိုးရာသီတွင် ခြောက်လပင်ပြန့်ပဲ၊ လေးလပင်ပြန့်ပဲနှင့် သုံးလပင်ထောင်ပဲ များကိုသာ   အဓိကစိုက်ပျိုးကြကြောင်း သိရသည်။