ငါးပုစွန်သယံဇာတ တိုးပွားရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  ဇွန်  ၁၃  ရက်)

မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် လွန်စွာပေါများသော နိုင်ငံဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသနေ ပြည်သူများ၏ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်သည်။ နည်းပညာ တိုးတက်လာမှုနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် သမားရိုးကျမ ှခေတ်မီနည်းများဖြင့် ဆန်းသစ်လာကြသည်။ ငါးမွေးမြူရေး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ငါးလုပ်ငန်း ဦးစီးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ ရေချို၊ ရေငန်ရေပြင်များတွင် ငါး၊ ပုစွန်များ မပြုန်းတီးစေဘဲ ငါး၊ ပုစွန်အထွက် တိုးစေရန်၊ မျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ တိုးပွားလာစေရန်နှင့် ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ရေနေသတ္တဝါများ၏ မိတ်လိုက်ချိန်၊ မျိုးပွား ရာသီချိန်ကာလ၊ ငါးရစ်တက်ချိန်များတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ်ထားသည်။ ၂ဝ၂၁ ခုနှစ်အတွက် ငါးမဖမ်းရာသီကို မေလမှဇူလိုင်လအထိ သတ်မှတ်ပေးထားသည်။

ပြည်သူများအနေဖြင့် ငါးသယံဇာတ ရေရှည်တည်တံ့ စေရန်အတွက် တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းမပြုရန် လိုအပ်သည်။ ထို့ပြင် ဘက်ထရီရှော့ တိုက်ဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်း မျိုးကိုလည်း ရှောင်ကြဉ်ရန် လိုအပ်သည်။ ငါးမဖမ်းရအချိန် ကာလကို ယမန်နှစ်က ဇွန်လမှသြဂုတ်လအထိ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင် ရှေ့သို့တစ်လတိုးကာ သတ်မှတ်ခြင်းဖြစ်သည်။ ပညာရှင်များ၏ သုတေသနပြုချက်အရ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်များသာမက မျိုးငါးများကိုပါ ထိန်းသိမ်းရန် လိုအပ်သည့်အတွက် သတ်မှတ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင် လွန်ခဲ့သော နှစ်များစွာက သားငါး၊ ပုစွန်များ အလျှံအပယ်ရှိခဲ့သည့် အတွက် ကျေးလက်တောရွာများတွင် ဟင်းလျာရှာကြံရန်မှာ ခက်ခဲလှသည် မဟုတ်ခဲ့ပါ။ နှစ်ကာလ ရှည်လာသည်နှင့်အမျှ နိုင်ငံလူဦးရေ များပြားလာမှု၊ ရာသီသဘာဝ ဖောက်ပြန်မှု၊ မသမာသော နည်းလမ်းဖြင့်ရှာဖွေမှုတို့ကြောင့် သားငါး၊ ပုစွန်တို့ လျော့နည်းလာသည်။ နည်းပညာ တိုးတက်လာမှုနှင့်အတူ ရေနေတိရစ္ဆာန်တို့၏ မျိုးပွားရာသီ အချိန်ကာလကို လေ့လာသိရှိလာကြသည်။ ထိုသို့သိရှိလာခြင်းနှင့် အတူ သားငါး၊ ပုစွန် မဖမ်းဆီးရသော ကာလတစ်ခုကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ထုတ်ပြန်တားမြစ်လာကြရသည်။ ဤသို့ထုတ်ပြန် တားဆီးရသည်မှာ လူသားတို့ကောင်းကျိုးကို ရှေးရှုခြင်းဖြစ်သည်။

နိုင်ငံ၏လူဦးရေမှာ နှစ်စဉ်တိုးပွားလျက် ရှိပြီး နေ့စဉ်စားသုံးလျက်ရှိသည့် စားသောက်ကုန်တို့တွင် ရေထွက်ပစ္စည်းကို ပိုမိုစားသုံးလာကြသည်။ ထိုသို့ပိုမို စားသုံးလာမှုကြောင့် စားသုံးမှုနှင့် ထုတ်လုပ်မှုဟန်ချက် ညီစေရန်နှင့် ငါးသယံဇာတ လုံလောက်စွာရရှိနိုင်ရန် နိုင်ငံတော်က စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ငါးသယံဇာတ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန် ငါးသားပေါက် စိုက်ထည့်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ငါးသားပေါက်ကောင်ရေ ၁ဝ၁၂ ဒသမ ဝ၇၅ သိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှစိုက်ထည့်မည်ဖြစ်ကြောင်းနှင့် ရေထွက်ကုန်စားသုံးမှုများပြားသော ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်လက်မ အရွယ်ငါးသားပေါက်ကောင်ရေ သိန်း ၂၆ဝ စိုက်ထည့်မည်ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့်လည်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြစ်ချောင်းကန်ဆည်တမံများ အတွင်းသို့ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်နယ်များအလိုက် ငါးမျိုးစိတ် စိုက်ထည့်ခြင်းများကို နှစ်စဉ်မပျက်မကွက် လုပ်ဆောင်လျက်ရှိပါသည်။

လူသားတိုင်းသည် အစားကောင်းကို ကြိုက်နှစ်သက်ကြပါသည်။ စားကောင်းတိုင်း မစားသင့်သည်များလည်းရှိပါသည်။ ငါးသလောက်ဥ၊ ငါးပုဏ္ဏားဥ စသည်ဖြင့် ငါးအမျိုးမျိုးတို့၏ ဥများသည် လွန်စွာစားကောင်းလှသည်။ ငါးဥအတွဲကလေး တစ်တွဲတွင် ငါးဥကလေးပေါင်း မြောက်မြားစွာပါရှိသည်။ ထိုဥများကို လူတို့မစားသောက်ဘဲ နေခဲ့သော် ငါးပေါင်းမြောက်မြားစွာ ပေါက်ပွားလာပေလိမ့်မည်။ မြန်မာစကားတွင် တစ်နပ်စားဉာဏ် ဟူသော  အသုံးအနှုန်းရှိသည်။ ရေရှည်မကြည့်ဘဲ လက်ငင်းအကျိုးအမြတ်ရရှိရုံသာ ကြည့်တတ်သော အသိဉာဏ်ဖြစ်သည်။ ဆင်ခြင်တုံတရား ရှိသူတိုင်းက ဥနှင့်ငါးများကို မဖမ်းသင့်သလို မစားလည်း မစားသင့်လှပေ။ နှစ်စဉ်နှစ်တိုင်းငါးရစ်တက်ချိန်၊ ငါးဥချချိန်များတွင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊  ပိုစတာ၊ လက်ကမ်းကြော်ငြာများမှတစ်ဆင့် ''ဥနှင့်ငါးကိုပွားစေလို ငါးရစ်ဆိုမဖမ်းနဲ့''၊ ''ငါးရစ်ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံးမျိုးမတုံး''၊ ''ငါးရစ်တစ်ကောင် သုံးလရှောင် ထောင်သောင်းတိုးပွား ရေရှည်စား'' ဟူသော ဆောင်ပုဒ်များဖြင့် အသိပညာပေးလျက်ရှိသည်။ ဤသည်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ငါး၊ ပုစွန်သယံဇာတ တိုးပွားရေးကို ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။   ။