စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

 
နေပြည်တော်၊ ဇူလိုင် ၃

 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 
ထိုသို့တိုက်ခိုက်ရာတွင် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် နယ်မြေအေးချမ်းရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် နံနက် ၈ နာရီခွဲခန့်တွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာ အရှေ့ဘက်အရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူ အင်အား ၁၀၀ ဦးခန့်မှ လမ်းဘေးဝဲ/ယာ တောင်ကုန်းများပေါ်မှ တူမီးသေနတ်၊ လက်နက်ငယ်၊ လက်လုပ်သေနတ်များဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ တွင် လက်နက်ကိုင်အကြမ်းဖက်သူများ အနောက်တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ တိုက်ခိုက်ခဲ့သည့် နေရာတဝိုက်အား လိုက်လံစစ်ဆေးခဲ့ရာ အဆိုပါ နေရာများမှ လက်လုပ်စိန်ပြောင်း ၄ လက်၊ တူမီးသေနတ် ၆ လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 
အလားတူ နံနက် ၈ နာရီခွဲခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာ၌ အခြေပြုလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရန်အတွက် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအင်အား ၅၀ ဦးခန့်သည် မောက္ကတော်ကျေးရွာဘက်မှ ချင်းတွင်းမြစ်အတိုင်း စက်လှေ ၂ စီးဖြင့် ထွက်ခွာလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက ကြိုတင်စောင့်ဆိုင်း၍ အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ ပန်းဆက် ကျေးရွာ အနောက်ဘက် ၄ ဖာလုံခန့်အကွာရှိ ဆိပ်ကမ်းသို့ ရောက်ရှိစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများမှာ နံနက် ၉ နာရီအချိန်တွင် မောက္ကတော်ကျေးရွာ ဘက်သို့ စက်လှေ ၂ စီးဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အလားတူ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကောလင်းမြို့နယ်၊ ရွာရှည်တောင်ကျေးရွာ၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ် ၃ စီးဖြင့် သွားရောက်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် သစ်ဆိမ့်ကုန်းကျေးရွာအထွက် အရောက်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက ကားလမ်းပေါ်တွင် လက်လုပ်မိုင်းများ ဖောက်ခွဲ၍ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲခန့်တွင် လက်နက်ကိုင်အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်းနှင့် ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 
အလားတူ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ကောလင်းမြို့မရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူများက ရဲစခန်း၏ အရှေ့တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ကောလင်းမြို့၊ ကျော်ဇေယျာ(၁)ရပ်ကွက်၊ ဘုန်းကြီးကျောင်းအနောက်ဘက်မှ လက်နက်ကြီး ဖြင့် ၇ ချက်ခန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ရဲစခန်းရုံးအတွင်းရှိ အမျိုးသမီးအချုပ်ခန်း အမိုးသွပ် ၁ ချပ် အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၂ ရက်နေ့ညပိုင်းတွင် ကသာမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် ည ၁၂ နာရီခွဲခန့်တွင် ထီးချိုင့်မြို့နယ်၊ ကျောက်အိုင် ကျေးရွာအနီးအရောက်၌ လက်နက်ကိုင်သောင်းကျန်းသူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ထိတွေ့မှု ဖြစ်ပွားခဲ့ကာ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နှင့် ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော အင်အားများ ဖြည့်တင်း၍ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။