စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မြစ်ရေတင်နှင့်ရေထုတ်လမ်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၆  

တိုင်းဒေသကြီး/ပြည်နယ်များအားလုံး၌ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ဆောင် ရွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်မိသားစုချင်း၏ လူနေမှုအဆင့်အတန်းမြင့်မားလာရေးအကောင် အထည်ဖော်ပေးခြင်းသည် မြို့နယ် ပြည်ရွာတစ်ခုလုံးဖွံ့ဖြိုးရေးအတွက် အရေးပါသည့် လုပ်ငန်းဖြစ်ကြောင်း ဇွန် ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးခရိုင်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုငါးလုပ်ငန်း စခန်း၏ မွေးမြူရေးငါးသားပေါက်ထုတ်လုပ်မှု လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု၌  GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆင်းရတနာ (၁၄) နှမ်းစိုက်ခင်းကိုလည်းကောင်း၊ လိပ်ချင်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ဖြင့် ဖောက်လုပ်ပြီးစီးသည့် အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မနှင့် (ဝ/၄ ဒသမ ၆၉၆) မိုင်အရှည်ရှိ ကွန်ကရစ်လမ်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေဘိုစိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် ကြက်ဥများပေးအပ်ပြီး ကျောင်းသားအိပ်ဆောင် RC နှစ်ထပ်ဆောက်လုပ်နေမှုကိုလည်းကောင်း၊ အရာတော်(၂)လျှပ်စစ်မြစ်ရေတင်စီမံကိန်း၏ မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေနေမှုကိုလည်းကောင်း၊ အရာတော်မြို့နယ် မကျီးဇောက်ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းစီမံကိန်းကိုလည်းကောင်း၊ အောင်စန်းသာကျေးရွာ ရေရရှိရေးအတွက် စက်ရေ တွင်းတူးဖော်ပြီးစီးမှုကိုလည်းကောင်း၊ မုံရွာမြို့ ရွာတုံကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (DVP) ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊   ဒေသသုတေသနဗဟိုဌာန ဇလုပ်ခြံ၏ မြန်မာနိုင်ငံအပူပိုင်း   မိုးနည်းရေရှားဒေသများအတွက် ဒေသနှင့်ကိုက်ညီသော သီးနှံမျိုးသစ် များရှာဖွေဖော်ထုတ်နေမှု၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ နေကြာနှင့် အခြားသီးနှံများကို  ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးနည်းစနစ် ရှာဖွေဖော်ထုတ်နေမှုနှင့် မျိုးစေ့အဆင့်ဆင့်ပွားများ ထုတ်လုပ်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)