စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေအား လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေအား လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေအား လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၆ ရက် နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ရေသာရွာသစ်ကျေးရွာနှင့် ကဲထောင့်ကျေးရွာကြား ချင်းတွင်းမြစ်အတွင်း စက်လှေကွေ့၌ ကနီမြို့နယ်မှ မင်းကင်းမြို့နယ်သို့ လုံခြုံရေးတာဝန် သွားရောက်ထမ်းဆောင်မည့် တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စက်လှေသည် မြစ်အတွင်း သောင်တင်နေသဖြင့် ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေစဉ် မြစ်၏ အနောက်ဖက်ကမ်း ကဲထောင့်ကျေးရွာအနီးရှိ ဒေသအခေါ် မိုဘိုင်းတောင်ပေါ်မှ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ အင်အား(၃၀)ဦးခန့်က တူမီးသေနတ်၊ နှစ်လုံးထိုးသေနတ်၊ လက်လုပ်ဗုံး များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် အကြမ်းဖက် သောင်းကျန်းသူများမှ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ အကြမ်းဖက်ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် တူမီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

အထက်ပါဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြု တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။