စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် လူစုလူဝေးမှ ရန်ပြုအကြမ်းဖက်သဖြင့် ဖြိုခွဲထိန်းသိမ်းရာ အမျိုးသား  ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် လူစုလူဝေးမှ ရန်ပြုအကြမ်းဖက်သဖြင့် ဖြိုခွဲထိန်းသိမ်းရာ အမျိုးသား  ၁ ဦးသေဆုံး

နေပြည်တော်၊ မတ်လ ၁၇ ရက်

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူစုလူဝေးများအနေဖြင့် လမ်းများအား အကြောင်းမဲ့ ပိတ်ဆို့တားဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လမ်းကြောင်းရှင်းလင်းရေး ဆောင်ရွက်စဉ်တွင် ရန်ပြုမှုများအား နေရာအနှံ့အပြားတွင် တွေ့ရှိလာရပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကလေးမြို့၊ တောင်ဖီလာ ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် တောင်ဖီလာလမ်းထောင့်တွင် အကြမ်းဖက်လူစုလူဝေးအင်အား ၃၀ ဦးကျော်ခန့်သည် ကားလမ်းပေါ်တွင် အတားအဆီးများပြုလုပ်ခြင်းနှင့် ကားတာယာကွင်း များအား အင်ဂျင်ဝိုင်လောင်း၍မီးရှို့ကာ အော်ဟစ်ဆူပူဆန္ဒပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွဖြင့် ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူစုခွဲရန် အကြိမ်ကြိမ်သတိပေးသော်လည်း လိုက်နာမှုမရှိဘဲ ဆူပူအကြမ်းဖက်သူများအနေဖြင့် စိတ်ကြွ မူးယစ်ဆေးဝါးများ သုံးစွဲထားသူများ၏ ပုံသဏ္ဍာန်ကဲ့သို့ အဆင်အခြင်မဲ့စွာ ဆက်လက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ တားမြစ်မှုများကို လိုက်နာမှုမရှိသဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များအသုံးပြု လူစုခွဲရေးဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ဆန္ဒပြသူအမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း သိရှိရပြီး သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့်ရဲလုပ်ငန်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။