စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိို့နယ်ရှိ ခံသာနယ်မြေရဲစခန်းအား ဆူပူအကြမ်းဖက်သူ လူစုလူဝေးက အကြမ်းဖက်ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိို့နယ်ရှိ ခံသာနယ်မြေရဲစခန်းအား ဆူပူအကြမ်းဖက်သူ လူစုလူဝေးက အကြမ်းဖက်ဝင်ရောက်စီးနင်းတိုက်ခိုက်

နေပြည်တော်၊ မတ်လ ၁၇   

၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ ညောင်ပင်သာ၊ ရှမ်းကုန်းနှင့် ကညွှတ်အင်းကျေးရွာတို့မှ ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၁၀၀ ဦးခန့်သည် တုတ်၊ ဓါး၊ တူမီးသေနတ်များကိုင်ဆောင်ကာ ခံသာရဲကင်းစခန်းအား လာရောက် ရန်ပြုအကြမ်းဖက် တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့လာရောက်ရန်ပြုအကြမ်းဖက်တိုက်ခိုက်ချိန်တွင် ရဲကင်းစခန်း၌ တပ်ဖွဲ့ဝင်အင်အား နည်းပါးသော်လည်း ကိုယ်စီတပ်ဆင်ပေးထားသော မောင်းပြန်ရိုင်ဖယ်များဖြင့် ပြန်လည်ခုခံ ပစ်ခတ်ပါက မလိုလားအပ်သော ထိခိုက်သေကေျဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်မှုမရှိဘဲ လက်နက်ခဲယမ်းအချို့အား လုံခြုံသောနေရာတွင် သိမ်းဆည်းထားရှိခဲ့ပြီး အကြမ်းဖက်လူအုပ်စုနှင့် ကင်းလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။

 ရဲကင်းစခန်းအား အကြမ်းဖက်တိုက်ခိုက်ခံရသည်ကို သတင်းရရှိချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ထိန်းသိမ်းနိုင်ရန်အတွက် သွားရောက် ခဲ့ရာ ည ၁၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရဲကင်းစခန်းသို့ ရောက်ရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးအား ရှာဖွေတွေ့ရှိရကာ တစ်ဦးတွင် ဦးခေါင်းထိပ်၊ ယာပုခုံး၊ လက်ခွကြား ပြတ်ရှဒဏ်ရာများ ရရှိထား၍ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ရဲကင်းစခန်းအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် တပ်ဖွဲ့ဝင်များ သိမ်းဆည်းထားရှိခဲ့သည့် လက်နက်ခဲယမ်းများအနက် သေနတ် ၁ လက်နှင့် ဆက်စပ်ခဲယမ်းအချို့ ပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်။

ဖြစ်စဉ်၌ ရဲကင်းစခန်းအား အကြမ်းဖက်ရန်ပြုတိုက်ခိုက်ရာတွင် ဦးဆောင်ပြုလုပ်ခဲ့သူ ကျောက်ပုထိုးကျေးရွာနေ သာရှိန်၊ ဖိုးဇော်နှင့် ခံသာကျေးရွာနေ ဝင်းဗိုလ်တို့ ၃ ဦးအား ဖမ်းဆီးရမိ ခဲ့ကာ ပူးပေါင်းပါဝင်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ခံသာရဲကင်းစခန်း၌ လုံခြုံရေးဖြည့်တင်း ဆောင်ရွက်နိုင်ရန်အတွက် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သွားရောက်ခေါ်ဆောင်သည့် ဒုရဲမှူး ဦးစီးလုံခြုံရေးအဖွဲ့ဝင်များသည် ကောလင်းမြို့နယ်၊ ခံသာကျေးရွာနှင့် ကျောက်တန်းကျေးရွာ လမ်းဆုံအရောက်၌  ခံသာကျေးရွာဘက်မှ ကျောက်တန်းကျေးရွာဘက်သို့ သိန်းဇော် (၄၇)နှစ် (ဘ) ဦးအောင်ဒင်နှင့် ညိုလင်း (၃၉)နှစ် (ဘ) ဦးမောင်ငွေတို့သည် ဓါးရှည်ကိုယ်စီ အား လွယ်လျက် ဆိုင်ကယ်မောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သောစုံစမ်းမေးမြန်းမှုများ ဆောင်ရွက်နိုင်ရန်အတွက် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရှိရသည်။