စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးအား မုံရွာမြို့တွင် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အဖျက်အမှောင့်လုပ်ဆောင်ရန် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ဒဏ်ရာရရှိသူ အမျိုးသား ၁ ဦးအား မုံရွာမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့် တွင် ချောင်းဦးမြို့နယ်၊ ရွာသစ်ကျေးရွာ အနီးတွင် လက်လုပ်မိုင်း စမ်းသပ်ဖောက်ခွဲရာမှ ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး မုံရွာမြို့ ဆေးရုံသို့ ထွက်ခွာလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က မုံရွာမြို့အဝင် ဂိတ်အနီး၌ စောင့်ဆိုင်းနေစဉ် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့ဘက်မှ မုံရွာမြို့ဘက် သို့ မောင်းနှင်လာသော YGN 2J-1347 ADVan “မျိုးဆက်သစ်”ကျန်းမာရေးစောင့်ရှောက်မှုယာဉ်အား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က လိုက်လံဖမ်းဆီးခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်အား ချောင်းဦးမြို့နယ်၊ ရွာသစ်ကျေးရွာနေ ထွန်းဝင်းဇော် (၄၃)နှစ် (ဘ) ဦးနီတွတ်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အဆိုပါကျေးရွာနေ လွင်မောင် (၃၀)နှစ် (ဘ) ဦးအောင်သန်း လိုက်ပါလာသည်ကို တွေ့ရှိရပြီး ၎င်း၏ ရင်ညွှန့်၊ ဝဲ/ယာ လက်နှင့်ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် စစ်မေးခဲ့ရာ လွင်မောင်သည် ရွာသစ်ကျေးရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာရှိ တောင်ခြေတွင် အဖျက်အမှောင့် ဖောက်ခွဲ‌ရေးလုပ်ရပ်များ လုပ်ဆောင်ရန် အတွက် လက်လုပ်မိုင်းပြုလုပ်၍ စမ်းသပ်ဖောက်ခွဲရာမှ လက်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူနှစ်ဦးအား စစ်ဆေးလျက်ရှိပြီး ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။