စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဘုရားဖူး ခရီးစဉ် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်   ဇွန်   ၇

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   ဦးမောင်ကို၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂)၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်  (၂၆)လမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး မန္တလေးမရမ်းခြံ ဆိပ်ကမ်းမှ စစ်ကိုင်း၊မင်းကွန်းသို့ လာရောက်မည့်  ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ရေယာဉ်ပေါ်သို့ အတက်/အဆင်းပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ဆိပ်ခံဗောထားရှိမည့် နေရာအား  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းသို့ ဆက်လက်ထွက်ခွာပြီး မင်းကွန်းဒေသရှိ သမိုင်းဝင် ရှေးဟောင်း မြသိန်းတန် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

အဆိုပါ မြသိန်းတန်စေတီတော်မြတ်ကြီးမှာ မင်းကွန်းခေါင်းလောင်းတော်ကြီး၏ မြောက်ဘက် ကိုက် ၅ဝဝ ခန့်အကွာတွင် တည်ရှိ၍ ၁၁၆၃ ခုနှစ်တွင် စစ်ကိုင်းမင်းသား တည်ထားကိုးကွယ်ခဲ့သည်။ ဉာဏ်တော်အမြင့်မှာ ၃၂၁ ပေမြင့်မားပြီး စေတီတော် တည်ဆောက်ပုံ ဆန်းကြယ်ခြင်းနှင့် စေတီတော်ပေါ်မှ မင်းကွန်းမြို့၏  အလှအပကို ကြည့်ရှုခံစားနိုင်သဖြင့်  ပြည်တွင်း/ ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် ခရီးသွားဧည့်သည်များ   လာရောက် လည်ပတ်လေ့ ရှိသည့်  ကမ္ဘာကျော် မင်းကွန်း ခေါင်းလောင်းတော်ကြီးအား  သွားရောက်ကြည့်ရှုသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းကွန်းပုထိုးတော်ကြီးသို့  သွားရောက် ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်း ပူဇော်ပြီးနောက် ဘက်စုံအလှူငွေများ  ပေးအပ်လှူဒါန်းသည်။ မင်းကွန်းပုထိုးတော်ကြီးအား  ၁၁၅၂ ခုနှစ်တွင် စတင်အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပြီး အမြင့် ၁၆၂ ပေရှိ၍ ဌာပနာတိုက်ပေါင်း ၂၁  တိုက်တွင်  ဘုရား၊   ရဟန္တာတို့၏ ဓာတ်တော်မွေတော်များ၊ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရွှေ၊  ငွေရုပ်တုများ၊ ဗုဒ္ဓဝင်ရွှေ၊ ငွေရုပ်တုများ၊  ကုန်းဘောင်မင်းဆက်ဘုရင်များနှင့် ဆွေတော်မျိုးတော်များ၏ ရွှေရုပ်တုများကို ထည့်သွင်းပူဇော် ထားရှိကြောင်း သိရသည်။

ထိုမှတစ်ဆင့် မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့ဘက် မြစ်ကမ်းနဖူးတွင် တည်ရှိသော ကေသရာဇာခြင်္သေ့ ပုံသဏ္ဌာန် အုတ်ခြင်္သေ့ကြီးနှစ်ကောင်အား  သွားရောက်ကြည့်ရှုပြီးနောက် ကြက်ထောင့် ကန်တော်ကြီးအား မော်တော်ယာဉ်ဖြင့်  လှည့်လည်ကြည့်ရှုသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းမြို့သို့   ဆက်လက်ထွက်ခွာပြီး စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတောင်ရိုးရှိ  သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ပြီး သာသနာရေးဆိုင်ရာ  သြဝါဒစကား မိန့်ကြားမှုကိုခံယူပြီးနောက်   သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုသည်။

အဆိုပါ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းတောင်ရိုးတွင်တည်ရှိသော ဗုဒ္ဓဘာသာ သာသနာပြု တက္ကသိုလ်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် သီတဂူဆရာတော်က တည်ထောင်ခဲ့ပြီး ရဟန်းများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ဗုဒ္ဓစာပေများ သင်ကြားပေးလျက်ရှိခြင်းနှင့် သာသနာရေးဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်သည့် သာသနာ့နယ်မြေ ဖြစ်သည့်အတွက် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များနှင့် သမိုင်းပညာရှင်များ လာရောက် လေ့လာ လည်ပတ်လေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတောင်ရိုးရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးနှင့်  စစ်ကိုင်းတောင်အဆင်း ကားလမ်းဘေးတွင် တည်ရှိသည့် အရိယဝံသချောင်ရုပ်စုံကျောင်းအား သွားရောက်ဖူးမြော်ကြည့်ရှုသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒုတိယဧရိယာအကျယ် ဝန်းဆုံး တိုင်းဒေသကြီး ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားဇုန် ခြောက်ဇုန် ဖော်ထုတ်ထားရှိပြီး စစ်ကိုင်း၊ မင်းကွန်းဒေသတွင် ခရီးသွားဧည့်သည်များ  သွားရောက်နိုင်သည့်    ဘုရားဖူးခရီးစဉ်များ၊ အခြားလည်ပတ်ရန် ခရီးစဉ်ဒေသများနှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ တည်ရှိသဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လေ့ရှိကြောင်း သတင်း ရရှိသည်။