စတော်ဘယ်ရီသီးများဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ

 

တောင်ကြီး၊ စီးပွားရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ ယခုအခါ စတော်ဘယ်ရီသီးများ စတင်ထွက်ရှိလာပြီး ဈေးကွက်တွင် ဈေးကောင်းရကြောင်း စတော်ဘယ်ရီစိုက်ပျိုးသူများထံမှ သိရသည်။

“စတော်ဘယ်ရီသီးက အများကြီးတော့လှိုင်လှိုင်မထွက်သေးဘူး။ အခုကတစ်ခါ ခူးရင် တစ်ပြည်ခန့်ဝင်တဲ့ ခြင်းတောင်းနဲ့ တောင်း ၂၀ လောက်ခူးရတယ်။ ရက်ခြားခူးတယ်။  ဈေးကွက်ထဲကိုပို့တော့  တစ် ခြင်းတောင်းကို ငွေကျပ် ၄၅၀၀၊ ၅၀၀၀ နဲ့ရောင်းတယ်။ အများကြီးထွက်ချိန်ဆိုရင် တစ်ခြင်းတောင်း ငွေကျပ် ၂၅၀၀၊ ၃၀၀၀ ပဲဈေးရှိတော့တယ်” ဟု ပင်ငိုကျေးရွာမှ စတော်ဘယ်ရီစိုက်တောင်သူ နန်းရွှေဥက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ သစ်သီးပွဲရုံများ နှင့် လက်လီလက်ကားရောင်းချသူများက လည်း ယခုကာလတွင် ရပ်ဝေးခရီးသွားလာမှုများ နည်းပါးသော်လည်း ဒေသတွင်း ဝယ်ယူမှုများ၊ လက်ဆောင်တင်ပို့မှုများရှိ နေခြင်းကြောင့် ရောင်းဝယ်မှုများရှိနေပြီး ကုန်ပို့လမ်းကြောင်းများအခြေအနေကို အမြဲနားစွင့်နေရ ကြောင်း သိရသည်။

စတော်ဘယ်ရီပင်သည် မြေကပ်အပင် အမျိုးအစားဖြစ်ပြီး ခြောက်သွေ့အေးမြသည့်  ရာသီဥတုကို ကြိုက်နှစ်သက်သည်။  စတင်စိုက်ပျိုးချိန်မှ    သုံးလခန့်အကြာတွင် အပွင့်အသီးသီးသည်ဟု သိရသည်။  စတော်ဘယ်ရီကို ဒေသသီး၊ ထိုင်ဝမ်သီး၊  ယိုးဒယားသီး အပင်သုံးမျိုးဖြင့်  စိုက်ပျိုး လျက်ရှိပြီး ထိုင်ဝမ်ပင် တစ်ပင်ကို ငွေကျပ် ၄၀၀ မှ ၅၀၀ ၊ ဒေသမျိုးစတော်ဘယ်ရီကို  ဟိုပုံး မဲနယ်တောင်ဒေသမှ  စိုက်ပေါင်အလိုက် ပျိုးပင်ပေါက်များဝယ်ယူရ ကြောင်း သိရသည်။