စာသင်ကျောင်းများနှင့် သင်တန်းကျောင်းများအား အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

စာသင်ကျောင်းများနှင့် သင်တန်းကျောင်းများအား အကြမ်းဖက်သမားများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး

 
နေပြည်တော်၊ ဒီဇင်ဘာ ၃

 
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းမျာ နှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များပြုလုပ်ခဲ့ရာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ နယ်၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်းအား အကြမ်း ဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ကျောင်း၏ ရုံးအဆောက်အဦအား အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေရာတွင် မီးလောင်မှု ကြောင့် သွပ်မိုး၊ အုတ်ကာ ရုံးအဆောက်အဦ ၁ လုံးမီးလောင်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှေ့ တံတားအနီး၌ တာဝန်ကျတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့က လက်လုပ်ချိန်ကိုက်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ အကြမ်းဖက်အဖွဲ့က မျက်နှာချင်းဆိုင်ရှိ ပန်းခြံမှနေ၍ လက်နက်ငယ်များ ဖြင့် ပစ်ခတ်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ကျောင်းစောင့် ဖြစ်သူ ဦးမြင့်ဝင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။