စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်

စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်

နေပြည်တော်၊ မေ - ၁၀

စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့ စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန် ပြောကြားလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။ 

စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေးကြစေလို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် နိုင်ငံတော်၏စီးပွားရေး တွင်အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရေး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေးကြ စေလိုကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာကြသူများသည် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကျွမ်းကျင်ကြသူများဖြစ်ကြကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ဦးစား ပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါကကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမည်

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အဓိကကုန်ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူ၍ သုံးရပ်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု ကဏ္ဍရှိကြောင်း၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှ၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများ ကိုဆောင်ရွက်ကြခြင်းဖြစ်သဖြင့် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်နှီးနွယ်နေသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြားလုပ်ငန်းများ ကိုလုပ်ကိုင် ဆောင်ရွက်ကြကြောင်း၊ ၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်နှီးနွယ်နေသူများဖြစ်ကြသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ ဘဝများ ထူးခြား စွာ တိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ်တွေ့ရှိရကြောင်း။

သီးထပ်စွမ်းအားများတိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ဝင်ငွေများစွာတိုးတက်လာမည်

စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့် ဆီထွက်သီးနှံများ၊ ပဲ အမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံးသီးနှံများ၊ လက်ဖက်၊ ရာဘာ၊ ကော်ဖီ၊ ဆီအုန်း စသည့်စက်မှုကုန်ကြမ်းသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်ကိုတွေ့ရှိရ ကြောင်း၊ စိုက်ပျိုးမြေများတွင် လယ်ယာမြေ၊ ဉယျာဉ်မြေများသာမက အခြားမြေများ ကို ထည့်သွင်းထားသည့်အတွက် စိုက်ပျိုးဧကများ များပြားလျက်ရှိသည်ကိုတွေ့ရှိရ ကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်မိုးစပါးစိုက်ဧက ၁၅ သန်းရှိ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းရှိသည်ကိုတွေ့ရှိရပြီး ထိုအထဲတွင် လယ်စိုက်ပျိုး မှုအနေဖြင့် ၁၃ ဒသမ ၁၇၅ သန်းရှိသည်ကိုတွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှုမှာ ၆ သိန်း၊ တောင်ယာစိုက်ပျိုးမှုမှာ ၁ ဒသမ ၉ သိန်းပါရှိပြီး ထိုအထဲတွင် အခြားမြေများလည်း ပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ မိုးစပါးစိုက်ဧကများ၌ မိုးစပါး စိုက်ပျိုးသည့်အချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ် စွမ်းအားများတိုးတက် အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်အဆိုပါ မိုးစပါးစိုက်ပျိုးမြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုးသည်ကို တွေ့ရှိရ ကြောင်း၊ စိုက်ပျိုးဧက ၁၃ ဒသမ ၁၇၅ သန်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးမှုမှာ ၇ ဒသမ ၄၇၃ သန်းရှိသည့်အတွက် မိုးစပါးတစ်မျိုးသာစိုက်ပျိုးမှုမှာ ၅ ဒသမ ၇၃ သန်းရှိသည်ကို တွေ့ရှိရကြောင်း။

ယခုအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမှုမရှိဘဲကျန် ရှိနေသည့်မြေ ၅ သန်း ၇ သိန်းကျော်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း ခန့်ထွက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများတွင် ၄ သန်းခန့်အား သီးထပ် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည်ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း ထွက်ရှိမည်ဖြစ်ကြောင်း၊ တစ်တင်း လျှင် ၁၀၀၀၀ နှုန်းဖြင့်တွက် ချက်ကြည့်မည်ဆိုပါက စပါးတင်းသန်း ၂၉၀ အတွက် ဘီလီယံ ၂၉၀၀ ရရှိပြီး တိုင်းပြည် ၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေတိုးတက် လာမည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း တက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရန်ကျန်ရှိ သည့်မြေများတွင် စိုက်ပျိုးမှုများဆောင်ရွက် နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။

အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုးမြေဧက ၄ သန်းပေါ်တွင် အခြား သီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ စားသုံးဆီ များ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများရှိကြောင်း၊ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို ဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် စားသုံးဆီများပိုလျှံလာနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီတိုးတက်နှုန်းကိုလည်း အထောက်အကူပြုစေမည်ဖြစ် ကြောင်း။

ဝတ်ရေးဖူလုံမှုရှိစေရေး ဝါစိုက်ပျိုးမှုတိုးတက်အောင်ဆောင်ရွက်

မိမိတို့နိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ဝါစိုက်ပျိုးမှုမှာ ၄ ဒသမ ၅ သိန်းဧကခန့်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၈ သိန်းကျော်ရှိခဲ့ကြောင်း၊ ဝါစိုက်ပျိုးမှုများ မြှင့်တင်ရန် အတွက် ယခုအခါနိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုများကို ယခင်စိုက်ပျိုးဧကအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက်လိုအပ်သည့် ချည်မျှင်များကို လုံလောက်စွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ အဆင့်မီသည့် ဝါများစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်လည်း နိုင်ငံတော်မှကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊  ပြည်သူများ ဝတ်ရေးဖူလုံရေးအတွက် ဝါစိုက်ပျိုးမှုများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ချည်မျှဉ်ထုတ်လုပ် သည့်စက်ရုံများနှင့် အထည်ရက်လုပ်သည့် စက်ရုံများတည်ဆောက်၍ ချည်ချောများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာပြည်ပမှချည်ထည်များ တင်သွင်း နေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

ပြည်တွင်းဆီဖူလုံမှုရှိစေရေးပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်

ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုးဧက ၃ သန်း၊ နေကြာစိုက်ပျိုး ဧကတစ်သန်း၊ နှမ်းစိုက်ပျိုးဧက ၃ ဒသမ ၅ သန်း စိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင်ရည်မှန်းချက်ကိုပြည့်မီအောင်ထွက်ရှိကြောင်း၊ လက်ရှိစိုက် ဧကမှ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျစိုက်ပျိုးပြီး ပန်းတိုင်ရည် မှန်းချက်ကိုပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကိုပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက စားအုန်းဆီမပါဘဲ ဆီဖူလုံမှု ၂၀၀ ရာခိုင်နှုန်းကျော်လွန်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက် နှုန်းများ တိုးတက် စေရေးအလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ် သည့်ဆီများစားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီစွာ ဆောင်ရွက် နိုင်မည်ဆိုပါက မိမိ တို့အတွက် ပထမခြေလှမ်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း။

ပဲစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ပဲစိမ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုး အပါအဝင် ကော်ဖီနှင့် ပြောင်းတို့သည်လည်း ကမ္ဘာပေါ်တွင်လိုအပ်ချက်ရှိသည့် သီးနှံ များဖြစ်ပြီး ဈေးကွက်လိုအပ်ချက်များရှိပြီးဖြစ်ကြောင်း၊ မြန်မာကော်ဖီသည်လည်း ပြည်ပဈေးကွက်ဝင်ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင်စိုက်ပျိုးကြရန် လိုကြောင်း၊ အလားတူ ပြောင်းသည်လည်း ပြည်ပကွက်ဈေးကွက်ရှိပြီးဖြစ်သဖြင့် အဆိုပါသီးနှံများ စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံများ အောင်မြင် ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်လို

စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုး ရှိ ကြောင်း၊ ထိုအထဲတွင်စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျကြောင်း၊ ရေကိုအကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးမည်ဆိုပါက အပင်များရှင်သန်ဖြစ် ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြေဆီမြေလွှာ ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက် ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း စသည့်မြစ်ကြီး ၄ သွယ်အပြင် အခြားမြစ်ချောင်းများလည်းများစွာရှိကြောင်း၊ မြစ်ရေ များကိုအဟောသိကံမဖြစ်စေဘဲ အကျိုးရှိစွာအသုံးချနိုင်ရေး နည်းလမ်းရှာဖွေဆောင် ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးအတွက်ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ အနာဂါတ်တွင် နိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမည့် အလားအလာ များကို ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တင်ပြစေလိုကြောင်း၊ စပါးစိုက်ပျိုးသီးနှံများအောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရန်လိုကြောင်း။

 အချို့နေရာများတွင် စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာ ရရှိခြင်းမရှိသည့် အတွက် စိုက်ပျိုးမှုကို ဆောင်ရွက်နိုင်ခြင်းမရှိသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးရေကို လုံလောက်စွာ ရရှိအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်အနီးရှိ စိုက်ပျိုးမြေများကိုလည်း မြေစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် လည်းဆောင်ရွက်နိုင်ကြောင်း၊ အလားတူ အချို့မြစ်ကြောင်းများတွင် Low Head Dam များတည်ဆောက်၍ ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ယခင်သုတေသန ပြုလုပ်ထားသည့်နေရာများမှ ရေလိုအပ်ချက်ရှိသည့် အချို့နေရာများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒွန်တွဲရေကာတာ စနစ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှ သွားလာ သည့်စနစ်အတွက် အသုံးပြုခြင်းနှင့် တစ်ဖက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်သင့်သည့် နေရာများရှိကြောင်း၊ ထိုသို့အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီမရွေးအောင်မြင်ဖြစ်ထွန်း အောင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

ရေကိုအဟောသိကံအသုံးပြုခြင်းမရှိစေရေးစာသင်ကျောင်းများမှအစ အသိပညာ ပေး သင်ကြားပေးရန်လိုကြောင်း၊ ရေကိုစိုက်ပျိုးရေးအတွက်အသုံးပြုရာတွင် ရေပန်း စနစ်၊ အစက်ချစနစ်များဖြင့် အသုံးပြုနိုင်ရေး အသိပညာပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ရေကိုစနစ်တကျအသုံးချစေရေး အသိပညာပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည် ဟုယုံကြည်ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ခြင်းအားဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန်ပြောကြားသည်။

သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့် စီမံချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှု အခြေ အနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျာထားစီမံချက်များနှင့်  စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေတို့ကို  ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး တို့က   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ ၊ နည်းပညာနှင့် ဈေးကွက် ရရှိ ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် ထုတ်လုပ် နိုင်ရန်အတွက်ပံ့ပိုးဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးကဏ္ဍတွင်  အဓိကလိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေ အနေ၊ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက်  ဓာတ်မြေဩဇာများထုတ်လုပ် ဖြန့်ဖြူးမှု နှင့် ဆက်လက်ထုတ်လုပ်ရန် လျာထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များက စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း ဝမ်းစာဖူလုံရေးဆောင်ရွက်ထားရှိမှုနှင့်စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆီအုန်းနှင့်ရာဘာစိုက်ပျိုး ထုတ်လုပ်ရေးအတွက် သုတေသနပြု ဆောင်ရွက်လျက်ရှိမှု၊ ရာသီဥတုပြောင်းလဲမှု ကြောင့် ဆည်တမံများအတွင်း ရေဝင်ရောက်မှုနည်းပါးလာခြင်းကြောင့် ရေသုံးစွဲမှုများ ကို ယာယီရေထိန်းဆည်များ၊ တမံများဆောက်လုပ်၍ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်သူများနှင့် တောင်သူများ ပါဝင်ဆောင်ရွက်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ ရေအလေ အလွင့်နည်းပါးစေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုး တက်စေရေးသုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက် အလက်များပြုစုလျက်ရှိမှု၊ စက်မှုလယ်ယာကဏ္ဍ ဖော်ဆောင်လျက်ရှိမှုနှင့် မြေယာပြု ပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များရရှိရေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး နှင့်  သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် တောင်သူများပါဝင်လာရေး ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ်ဖြည့်စွက်မှာကြား

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့  စက်မှုလယ်ယာစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုး‌ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များ ဖြင့်စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးနှံအထွက်နှုန်းများ လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူခေတ်မီစက်ကိရိယာများဖြင့် စိုက်ပျိုး ခြင်းနှင့် ရိတ်သိမ်းခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လေလွင့်ဆုံးရှုံးမှု များနည်းပါးသွားမည်ဖြစ်ပြီး စက်မှုလယ်ယာစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန် များကို လွယ်ကူလျှင်မြန်စွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လယ်မြေများ ဆုံးရှုံးမှု မရှိစေရေး လယ်ယာမြေများကို အခြားနည်းများဖြင့်အသုံးချခြင်းမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်း များတိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် အဓိကကျသော မြေအောက်ရေ ထုတ်ယူ သုံးစွဲရေးအတွက် မူဝါဒတိတိကျကျ သတ်မှတ်ရန်လိုကြောင်း၊ သီးနှံများအထွက် နှုန်းကောင်းမွန်စေရန် သဘာဝမြေဩဇာသို့မဟုတ်ဓာတ်မြေဩဇာ အသုံးပြုရန်လိုအပ် ကြောင်း၊ ဒေသအလိုက်ရရှိနိုင်သည့် သဘာဝမြေဩဇာကို ပြည့်စုံ ကောင်းမွန် အောင် ပြုပြင်ပြောင်းလဲထုတ်လုပ် သုံးစွဲသွားနိုင်ရန်လိုအပ်ကြောင်း၊ နေပြည်တော် သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲတွင် စံပြဖြစ်ရန်လိုအပ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေး တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိစိုက်ပျိုးရန်၊ တစ်ဧကအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်နှင့် စိုက်ဧကများ လျော့နည်းသွားမှုမရှိအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊‌ ဒေသ အလိုက် ဝမ်းစာဖူလုံမှုရှိစေရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း စိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် အပြည့်အဝ စိုက်ပျိုးမှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လို ကြောင်း၊ ဒူးရင်းသီးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း တိုးတက်အောင် ဆောင်ရွက်ရန် လိုသကဲ့သို့ ကိုကိုးများနှင့် အုန်းစိုက်ပျိုးမှုများကိုလည်း အောင်မြင်ဖြစ် ထွန်းအောင် ဆောင်ရွက်စေလိုကြောင်း၊ ဒေသအလိုက်ထွက်ရှိသည့် ရာသီသီးနှံများသည်လည်း စိုက်ပျိုးရေးတောင်သူများအတွက် ဝင်ငွေများပိုမိုရရှိ စေမည်ဖြစ်သဖြင့် ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေများလုံလောက်စွာ ရရှိရေး နိုင်ငံတော် အနေဖြင့်မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဒေသအလိုက်အစီအစဉ်များဖြင့်လည်း အကောင် အထည်ဖော်ဆောင်ရွက် ရန်လိုကြောင်း၊ ရာဘာများစိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းမွန်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ရာဘာ အထွက်နှုန်းများ တိုးတက်စေရေးအတွက် စိုက်ပျိုးရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဆီအုန်း များစိုက်ပျိုးရာတွင် လည်း မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လို ကြောင်း။

စိုက်ပျိုးရေနှင့်ပတ်သက်၍ အနိမ့်ဆုံးလိုအပ်ချက်ဖြစ်ရန်လိုကြောင်း၊ ရေပေးဝေ မှုနှင့်ပတ်သက်၍ အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရေသွယ်စနစ်နှင့် ရေဖြန့်စနစ်များကို စနစ်တကျဖြင့်ဆောင်ရွက်၍ ရေကိုအကျိုးရှိရှိ အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး သုတေသန လုပ်ငန်းများကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ဆောင်ရွက်သကဲ့ သို့ အချို့သောလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း ဆောင်ရွက်သင့် ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်သီးနှံ နိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းစေမည့် သီးနှံများကို ဦးစားပေးအနေဖြင့် သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ အနေဖြင့်ထိန်းသိမ်းရမည့် ပေါ်ဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏မျိုးရင်းများကို ထိန်း သိမ်းရန်လိုသကဲ့သို့ အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးများပိုမိုတိုးတက် လာအောင်သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ပန်းမန်နှင့်ပတ်သက်၍လည်း မေမြို့ပန်း၊ ဒေလီယာပန်းနှင့် အခြားမိမိတို့နိုင်ငံမှထွက်ရှိသည့် ပန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် သုတေသနပြုထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေ စိုက်ဧကများနှင့် စိုက်ပျိုးသည့် သီးနှံစာရင်းများမှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း၊ မိမိတို့နိုင်ငံတွင် လူသန်း ၁၀၀ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော် မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် လယ်ယာမြေများကို အခြားနည်းများဖြင့် သုံးစွဲမှုမရှိ စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကိုအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် စက်ယန္တရားများကို ပြည်တွင်း၌လုံလောက် စွာထုတ်လုပ်ပြီး အသုံးပြုနိုင်ရန်လိုကြောင်း၊ စက်သုံးဆီဖြင့်အသုံးပြုသည့် စက်ယန္တရား များရှိသကဲ့သို့ လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် စက်ယန္တရား များကိုလည်း အသုံးပြုနိုင်ရေး ရေရှည်မျှော်တွေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လူသားအရင်းအမြစ်များလိုအပ်လျက်ရှိသဖြင့် စိုက်ပျိုးမွေးမြူရေးအ ထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်ထူးချွန်သူများကို သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေးအတွက် လည်းဆောင်ရွက်ရန်လိုကြောင်း၊ ထူးချွန် သူများကိုလည်းချီးမြှင့်ပေးရန်လိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက်ရောက်လာကြသူများအနေဖြင့် ပြည့်စုံစွာရှင်း လင်းဆွေးနွေးသွားသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလေးထားဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်နှင့် သီးထပ်စွမ်းအားများကို မြှင့်တင်အောင်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံး ဟင်း သီးဟင်းရွက်များစိုက်ပျိုး ခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကိုပိုမိုရရှိစေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် နယ်ပယ်ပေါင်းစုံမှ စဉ်းစား၍ ဆောင်ရွက်ကြစေလိုကြောင်း။

သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံ့အကျိုးစီးပွားအတွက် သုတေသန လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ပြည်သူများအနေဖြင့် အသိပညာအားနည်းသည်ကိုတွေ့ရှိရကြောင်း၊ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူများအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေး သားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည်နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင်ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မြေယာပြုပြင်ခြင်းလုပ်ငန်းသည် စိုက်ပျိုးရေးအတွက် အဓိကျကြောင်း၊ ချောင်း၊ မြောင်းများအတွင်းစီးဆင်းနေသည့် ရေများကိုယာယီရေပိတ် တမံများပြုလုပ် ၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်နည်းစနစ်မှန်ကန် စေရေးအတွက်ပင်ခြား၊ တန်းခြားများမှန်ကန်ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်နည်းစနစ်များမှန်ကန်မှသာ အထွက်နှုန်းကောင်းမွန်မည် ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအမြတ်များကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အချက် ၄ ချက်ကို လိုက်နာပြီး ဆောင်ရွက်မှမိမိတို့မျှော်မှန်းထားသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီ သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေခံမြေခံကောင်းများ ရှိပြီးဖြစ်သည့် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပသို့ပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ များတိုးတက်လာမည်ဖြစ်ကာ နိုင်ငံ့စီးပွားများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အစည်းအဝေးတက်ရောက်လာကြသူများသည် ခန်းမအတွင်းခင်းကျင်းပြသထား သည့် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြု စိုက်ပျိုးထုတ်လုပ် ထားသည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နေကြာ၊ ဆီထွက်သီးနှံများ၊ မီးဖိုချောင်သုံးသီးနှံများ၊ ပန်းပေါင်းစုံပျားရည်များကိုလှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။