ဆမ်ဆောင်းက Galaxy A42 5G ရဲ့ အချက်အလက်များကို ထုတ်ဖော်

ဆမ်ဆောင်းကုမ္ပဏီကတော့   မကြာခင်မှာထုတ်လုပ်သွားမယ့်  ဈေးအနည်းဆုံး   5G ဖုန်းအမျိုးအစားဖြစ်တဲ့   Galaxy A42  ရဲ့အသေးစိတ်အချက်အလက် တချို့ကို ထုတ်ဖော်လိုက်ပါတယ်။

သူ့ရဲ့ဖန်သားပြင်က  Super AMOLED ဖန်သားပြင်ဖြစ်ပြီး HD+  အရည်အသွေးရှိပါမယ်။ နောက်ဘက်မှာတော့  ကင်မရာလေးလုံးပါဝင်ပြီး   အဓိကကင်မရာက  48MP  ရှိပါမယ်။ ရှေ့ဘက်က ကင်မရာကတော့ 20MP ရှိမယ်လို့ ဆိုပါတယ်။

    စက်လည်ပတ်မှုအတွက် Octa-Core Processor ကို အသုံးပြုထားပြီး RAM  အနေနဲ့ 4/6/8 GB အသီးသီးနဲ့ ရရှိနိုင်ပါမယ်။  ဒါပေမဲ့ အချက်အလက်သိုလှောင်မှု အတွက်ကတော့ 128GB တစ်ခုတည်းကိုသာ အသုံးပြုထားမှာပါ။ အဲဒါကိုမှ ထပ်တိုးချင်တယ်ဆိုရင်လည်း micro-SD ထပ်ထည့်လို့ရပါတယ်။

   ဘက်ထရီစွမ်းအင်ကတော့ 5000mAH တောင် ပါဝင်လာမှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ 15W  နဲ့အားသွင်းနိုင်ပါလိမ့်မယ်။ လက်ဗွေစနစ်ကိုတော့ ဖုန်းရဲ့ဖန်သားပြင်အောက်ထဲမှာ မြှုပ်ထားပြီး အမည်းရောင်၊ အဖြူရောင်နဲ့မီးခိုးရောင်ဆိုတဲ့ အရောင်သုံးရောင်နဲ့ ထုတ်လုပ်သွားမှာပါ။

   ဘယ်နေ့မှာ ထုတ်ဖော်ပြသသွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Galaxy A51 5G ထက်တော့ဈေးနည်းမှာ အသေအချာပါပဲ။

နွေဦး