ဆမ်ဆောင်းလုပ်ငန်းစုအကြီးအကဲ ထောင်ဒဏ် နှစ်နှစ်ခွဲချမှတ်ခံရ

ဆိုး၊ ပြစ်မှု

ဆမ်ဆောင်းလုပ်ငန်းစု၏အကြီးအကဲ တစ်ဦးဖြစ်သည့်အပြင် ထိုလုပ်ငန်းစုကိုအမွေ ဆက်ခံမည့် လီဂျေးယုံသည် ကြီးမားသော လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၈ ရက်တွင် ထောင် ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခံရကြောင်း သိရသည်။ ဆမ်ဆောင်းအီလက်ထရွန်နစ်လုပ်ငန်းစု၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် လီဂျေးယုံသည် တောင်ကိုရီးယားသမ္မတဟောင်း  ပါ့ဂွမ်ဟေးကို ရာထူးမှ ဖြုတ်ချပြီး ကြီးလေးသော ထောင်ဒဏ်ချမှတ်လိုက်ရသည်အထိဖြစ်ပွားသော လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

လီဂျေးယုံသည် ပါ့ဂွမ်ဟေးအနေဖြင့် သမ္မတအာဏာကိုအသုံးပြု၍ ၎င်းင်းကိုကူညီ ရန်လာဘ်ပေးမှုကို တက်ကြွစွာကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုးဗဟိုခရိုင်တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။ ယခုကဲ့သို့   နိုင်ငံအတွင်းမှာသာမက ကမ္ဘာတွင်ပါ   နာမည်ကျော်ကြားသည့် ဆမ်ဆောင်းကုမ္ပဏီက လာဘ်ပေးလာဘ်ယူမှုတွင်ပါဝင်မှုသည် ထိုကုမ္ပဏီ၏အနာဂတ်ကို  ထိခိုက်စေနိုင်ကြောင်း   တရားရုံးကထုတ်ပြန်ထားသည်။ 

ဆမ်ဆောင်းကုမ္ပဏီသည် မိသားစုပိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ကို လွှမ်းမိုးထားကာ ထိုကုမ္ပဏီ၏လည်ပတ်ငွေပမာဏက  နိုင်ငံ၏အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး စုစုပေါင်း၏ ငါးရာခိုင်နှုန်းရှိကြောင်း သိရသည်။