ဆိုင်နိုဗက် ကာကွယ်ဆေးက ပြင်းထန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ထိရောက်စွာလျှော့ချပေးနိုင်

ဆိုင်နိုဗက် ကာကွယ်ဆေးက ပြင်းထန် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို  ထိရောက်စွာလျှော့ချပေးနိုင်

တရုတ်နိုင်ငံရှိ ဆိုင်နိုဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ပြင်းထန်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ကြောင်း မလေးရှားနိုင်ငံက လုပ်ဆောင်သည့် လက်တွေ့လေ့လာမှုကြီး တစ်ခုက တွေ့ရှိထားသည်။

အဆိုပါလေ့လာမှုကို မလေးရှား အစိုးရက ဦးစီးလုပ်ဆောင်ခြင်းဖြစ်သည်။ လေ့လာမှုအရ   ဆိုင်နိုဗက် ကာကွယ်ဆေးထိုးထားသော လူဦးရေ ၇ ဒသမ ၂ သန်းအနက် ကိုဗစ်-၁၉ ရောဂါကြောင့် အထူးကြပ်မတ်ကုသမှု ခံယူရန်လိုအပ်သူ အရေအတွက်မှာ သုည ဒသမ ဝ၁၁ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။

ထို့ပြင် မည်သည့်ကုမ္ပဏီထုတ် ကာကွယ်ဆေးကိုမဆို ထိုးထားပါက ရောဂါပြင်းထန်မှုကြောင့် အထူးကြပ်မတ်ကုသမှု ခံယူရနိုင်ခြေကို ၈၃ ရာခိုင်နှုန်းအထိ လည်းကောင်း၊ သေဆုံးနိုင်ခြေကို    ၈၈   ရာခိုင်နှုန်းအထိ လည်းကောင်း လျှော့ချနိုင်ကြောင်း လူဦးရေ ၁ ဒသမ ၂၆ သန်းဖြင့်  လုပ်ထားသည့် သုတေသနတွင် တွေ့ရသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် ကာကွယ်ဆေး အကြိမ်ရေ အပြည့်ထိုးပြီးနောက် ရောဂါကူးစက်မှုကြောင့် အထူးကြပ်မတ်ကုသမှု ခံယူရသည် ဟူသော လူဦးရေမှာ သုည ဒသမ ဝဝ၆၆ ရာခိုင်နှုန်းသာရှိကြောင်း    လက်တွေ့ သုတေသနဌာန ညွှန်ကြားရေးမှူး ဒေါက်တာကာလိုင်ယာရာဆူပီရိုင်ယာဆာမီ ကပြောသည်။

ဆိုင်နိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးကို တရုတ်နိုင်ငံ အပါအဝင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံတို့သာမက နိုင်ငံအများအပြားတွင် အသုံးပြုလျက်ရှိကာ ပြည်တွင်း၊ပြည်ပကာကွယ်ဆေး ဖြန့်ဖြူးမှုပမာဏမှာ အကြိမ်ရေ ၁ ဒသမ ၈ ဘီလီယံရှိပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ယခုလအစောပိုင်းတွင် ပြောထားသည်။