ဆူပူဆန္ဒပြသူများ၏ ဥပဒေမဲ့ နှောင့်ယှက်မှုကြောင့် ပန်းဘဲတန်းမြို့နယ် ယာဉ်ထိန်းရဲတပ်စုမှ ယာဉ်ထိန်း ရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၃

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက် ရှိပြီး ဆူပူဆန္ဒပြသူများတွင် တည်ငြိမ်အေးချမ်းစွာ ဆန္ဒပြသူများနှင့်အတူ အဖျက်အမှောင့် ဖြစ်စေလိုသောစိတ်ဖြင့် အကြမ်းဖက်ဆန္ဒပြသူများ ပါဝင်နေသဖြင့် မိဘပြည်သူများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၁၂ ရက်ည ၁၂ နာရီ ၁၅ မိနစ်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ယာဉ်ထိန်းရဲတပ်စုမှ ယာဉ်ထိန်းရဲ တစ်ဦးသည် ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်းရှိ လုံခြုံရေး တာဝန်ကျရာနေရာမှ လုပ်ငန်းတာဝန် ထမ်းဆောင်ပြီး၍ တာမွေမြို့နယ်၊ မာန်အောင် ရဲရိပ်သာသို့ လုပ်ငန်းသုံး မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ ပြန်လာစဉ် ရွှေဗဟိုရ်ဆေးရုံအနီး နတ်ချောင်းရပ်ကွက်နှင့် မလွှကုန်း ဋ္ဌေးကြွယ် (က) ရပ်ကွက်အကြား၊ အာသောက မီးပွိုင့်အလွန် သို့အရောက်၌ ရပ်ကွက်နေသူများက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့် လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များကို လိုက်နာခြင်းမရှိဘဲ လူစုလူဝေး ပြုလုပ်ဆူပူ၍ သံပုံးတီးခြင်း၊ သံချောင်းခေါက်ခြင်းနှင့် အော်ဟစ်ခြင်းများ ပြုလုပ်ကာ ယာဉ်ထိန်းရဲ စီးနင်းလာသည့် ဆိုင်ကယ်အား တာယာကွင်းဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဝိုင်းဝန်ရန်ပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

  ဆိုင်ကယ်တိမ်းမှောက်မှုနှင့် ဝိုင်းဝန်းရန်ပြု တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲ၏ ယာဘက်ပခုံး၊ ဝဲဘက်ဒူး/လက်ဖမိုး နှင့် ယာဘက်ပေါင်တို့တွင် ပွန်းပဲ့နာကျင် ဒဏ်ရာများရရှိခဲ့ပြီး လုပ်ငန်းသုံး မော်တော်ဆိုင်ကယ်မှာ ပျက်စီးမှု အချို့ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ယာဉ်ထိန်းရဲအား ယာဉ်ထိန်းရဲ တပ်စုဆေးခန်းတွင် လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။