ဆူပူဆန္ဒပြသူလူတစ်စုက CDM တွင် ပါဝင်လှုပ်ရှားခြင်းမရှိသည့် ပြည်သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုစွပ်စွဲကာ ခြိမ်းခြောက်အကြမ်းဖက်ရိုက်နှက်မှုများပြုလုပ်

ဆူပူဆန္ဒပြသူလူတစ်စုက CDM တွင် ပါဝင်လှုပ်ရှားခြင်းမရှိသည့် ပြည်သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းပေးဟုစွပ်စွဲကာ ခြိမ်းခြောက်အကြမ်းဖက်ရိုက်နှက်မှုများပြုလုပ်

နေပြည်တော်၊  မတ် - ၁၁ 
    
မြန်မာနိုင်ငံအတွင်း အချို့မြို့ကြီးများတွင် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး ၎င်းဆန္ဒပြ သူများအနက် အချို့သောလူပုဂ္ဂိုလ်များသည် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေး ချမ်းမှုနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံမှုကို ထိခိုက်စေရန်ရည်ရွယ်၍ ၎င်းတို့ကို ထောက်ခံ ဝန်းရံခြင်းမရှိသူများကို သတင်းပေးများအဖြစ် စွပ်စွဲခြင်း၊ လူဂုဏ်သိက္ခာထိခိုက်စေသည့်အထိ တရားမဲ့ပြုကျင့်ခြင်း၊ နေအိမ်အဆောက် အဦနှင့် ယာဉ်များအား ဖျက်ဆီးခြင်းတို့ကို အုပ်စုဖွဲ့ ၍ ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ ဦးတာယာမင်းဒီ၊ မသဇင်ဝေ၊ ဦးသင်္ကြန်ဦး တို့ ဦးဆောင်သည့် ဆူပူ အကြမ်းဖက်သူအင်အား ၆၀ ဦးခန့်သည် မတ် ၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် အမှတ်(၃) ရပ်ကွက်နေ ဦးအောင်မြင့်(ဘ)ဦးဘမင်း၊ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်ရှေ့သို့ လာရောက်စုရုံးပြီး " သတင်းပေးသည့် အိမ်အား ဖျက်ဆီးကြ၊ ခဲနှင့်ပေါက်ကြ၊ မီးရှို့ကြ " ဟု အော်ဟစ်လှုံ့ဆော်ပြီး ဦးအောင်မြင့် ၏နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တံခါးများအား ဖျက်ဆီးခြင်း၊ မော်တော် ဆိုင်ကယ်အား မီးရှို့ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း သိရှိရသည်။
    
ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူတစ်စု၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ဦးအောင်မြင့် ၏ သားဖြစ်သူ မောင်မျိုးမြန်မာ အသက်(၂၃)နှစ်တွင် နဖူးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ် တစ်စီး၊ အပ်ချုပ်စက် ၃ လုံးနှင့် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    
အလားတူ ကော့သောင်းမြို့၊  ရွှေပြည်သာရပ်ကွက်နေ ဦးမြင့်အေး(ဘ)ဦးမောင်ချို (အုပ်ချုပ်ရေးမှူးဟောင်း)ပါ ဆူပူဆန္ဒပြသူအင်အား ၂၀ ဦးခန့်သည် မြရည်ပုလဲလမ်း၊ ရွှေပြည်သာရပ်ကွက်နေသူ ဦးဝင်းထွဋ် မောင်းနှင်လာသော Honda FITအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2 E/------  အား အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင် (၂)လမ်းနှင့် ပေါ်ဦး(၃)လမ်း လမ်းဆုံနေရာ၌ လမ်းပိတ်ဆို့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား သတင်းပေး နေသူဟု စွပ်စွဲပြီး လူနှင့်မော်တော်ယာဉ်အား ရွှေပြည်သာရပ်ကွက် သုဿာန်သို့ ခေါ်ဆောင် ကာ တုတ်၊ ခဲများဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေရာ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်လမ်းရှိ သစ်စက်အဟောင်းနေရာ၌ ဆူပူဆန္ဒပြသူများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိနေသည့် ဦးဝင်းထွဋ် အား တွေ့ရှိခဲ့သဖြင့် ၎င်းအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခန့် ကော့သောင်းမြို့ ဖြစ်စဉ်တွင် ငလွမ်း(ဘ)ဦးကြွက်နီ၊ ရွှေပြည်သာရပ်ကွက်၊ ကော့သောင်းမြို့နေသူအား ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖြစ်စဉ်များတွင် ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား  ဖမ်းဆီး ရမိအရေးယူနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။