ဆူပူအကြမ်းဖက်သူလူအုပ်စုများက အစိုးရအုပ်ချုပ်ရေးရုံးများကို အဖျက်အမှောက်လုပ်ရပ် များ ဆက်လက်လုပ်ဆောင်

နေပြည်တော်၊ မတ် - ၃၁

ဆူပူအကြမ်းဖက်သူများက ရပ်ရွာတည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအုပ်ချုပ်မှု ယန္တရားများ အနှောင့်အယှက်ဖြစ်စေရေးအတွက် အဖျက်အမှောက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆူပူအကြမ်းဖက် သူလူတစ်စုက မီးပုလင်းများဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ရုံးခန်းအတွင်း မီးလောင်မှုဖြစ်ပွား ခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ရုံးခန်းအတွင်း ပရင်တာ ၁ လုံး၊ ထိုင်ခုံ ၂ လုံး၊ စာရွက်စာတမ်း အချို့မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

၎င်းပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ တက္ကသိုလ် မြို့ပတ်လမ်းရှိ ပန်းဘဲတန်းရပ်ကွက် အမှတ်(၂)ရဲကင်းစခန်းအဟောင်းအား ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူလူတစ်စုက မီးရှို့ခဲ့ခြင်းကြောင့် ရဲကင်းစခန်းတစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပျဉ်းမနားမြို့၊ မင်္ဂလာ ရပ်ကွက်၊ ရွှေပြည် ၈ လမ်းနှင့် ဗိုလ်လက်ရာလမ်းရှိ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းလာသော အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော အလျား ၈ လက်မ၊ အနံ ၁ လက်မခွဲခန့်ရှိ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံး(စနက်ကြိုးပါ)အား တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက အများပြည်သူလူထုဘေးအန္တရာယ်မဖြစ်စေရေး လက်လုပ်မိုင်းအား ဖျက်ဆီးခဲ့ရာ တွင် အဆိုပါမိုင်းအတွင်းမှ ယမ်းစိမ်း၊ ကန့်၊ မီးသွေး၊ ဖိနပ်ရိုက်သံ ၈၉ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယနေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လားရှိုးမြို့၊ အမှတ်(၅) ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းရှိ လူနေထိုင်ခြင်း မရှိသည့် အမှတ်(၃)ရဲကင်းစခန်းအား အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆောက်အဦ၏ အမိုးသွပ်နှင့် ပျဉ် ၂ ချပ်တို့မှာ ဘော့စေ့များ ထိမှန်ပေါက်ပြဲပျက်စီးပြီး လူထိခိုကဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ (၁၀၅)မိုင်စစ်ဆေးရေးဂိတ် အား မတ် ၃၀ ရက် ည ၈ နာရီခွဲခန့်တွင် ဆိုင်ကယ် ၁ စီးဖြင့် (စိစစ်ဆဲ)အမျိုးသား ၂ ဦးမှ လက်လုပ်လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် အဆိုပါမိုင်းစထိမှန်ဒဏ်ရာရရှိသူများအား ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူအသုံးပြုနေသည့် လမ်း၊ တံတားများအား မင်းမဲ့စရိုက်ဆန်စွာ ဖောက်ခွဲဖျက်ဆီးခဲ့သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် အား ရန်ပြုတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။