ဆူပူအကြမ်းဖက်သူ လူအုပ်စုများ အနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်

ဆူပူအကြမ်းဖက်သူ လူအုပ်စုများ အနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဇွန် ၃၀

    နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

 ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဧရာ၀တီတိုင်း ဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီး ကျိုက်လတ်-ဖျာပုံကားလမ်း၏ ဝဲဘက်ဘေး၌ လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီး ကျိုက်လတ်- ဖျာပုံကားလမ်း၏ ယာဘက်ဘက်ဘေး၌ လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၃) ရပ်ကွက်၊ (၄)လမ်းနှင့် (၅)လမ်းကြားရှိ မြို့နယ်ပညာရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအတွင်း၌ လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာအသီးသီး၌ လက်လုပ်ဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

    အလားတူ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက် ကျိုက်လတ်-ဖျာပုံ ကားလမ်းဘေးရှိ COVID-19 ယာယီစစ်ဆေးရေးဂိတ်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာ၌ ပေါက်ကွဲရာမှ ကျန်ရှိသည့် PVC ပိုက် အပိုင်းအစများနှင့် Kenbo ဖုန်းဓာတ်ခဲခြောက် ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ စစ်ဆေးရေးဂိတ်၌ တာဝန်ဆောင်ရွက်နေသည့် ဒေါင့်ကြီးကျေးရွာ အုပ်ချုပ်ရေး ဦးကျော်ဆန်း၊ ရာအိမ်မှူး ဦးမျိုးညွန့်၊ ဇော်မျိုးဦး၊ ကျေးလက် ကျန်းမာရေးဝန်ထမ်း မမျိုးမျိုးအေးနှင့် အမှတ်(၁၅)ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ မျိုးခိုင် (၂၇)နှစ် (ဘ)ဦးစိန်မြင့်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ကျိုက်လတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

    အလားတူ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ ငါးသိုင်းချောင်း တိုက်နယ်ဆေးရုံ၏ မြောက်ဘက် ဦးကဲ လမ်းပေါ်၌လည်းကောင်း၊ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် အဆိုပါ ပေါက်ကွဲသည့်နေရာမှ ၃၀ ပေခန့် အကွာ၌ လည်းကောင်း၊ ည ၈ နာရီခွဲအချိန်တွင် ဆေးရုံ၏တောင်ဘက် အောင်ဇေယျလမ်းပေါ်၌ လည်းကောင်း၊ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ဆေးရုံအရှေ့၌ လည်းကောင်း လက်လုပ်ဗုံး ၄ လုံး အသီးသီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

    အလားတူ ယနေ့နံနက် ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဝင်ပေါက် ဝဲဘက်ခြမ်း အုတ်တံတိုင်းအောက်ခြေ ၁ ပေကျော်ခန့် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

    အလားတူ နံနက် ၆ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဂန့်ဂေါလမ်းရှိ မြို့နယ်ပညာရေးမှူး ဒေါ်အေးလှ၏ နေအိမ်ခြံစည်းရိုး အပြင်ဘက်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်အသံဗုံး ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိ သည်။