ဆေးဝါးလား . . .ဖြည့်စွက်စာလား . . .

ယမန်နေ့မှအဆက်

ဒုတိယအပိုင်းအနေဖြင့်    ဖြည့်စွက်စာ (Food Supplement, Health Supplement) ဆိုသည်မှာ    နေ့စဉ်ပုံမှန်စားသုံးနေသော အစား အသောက်မှရရှိမည့်    အာဟာရနှင့်   ကျန်းမာရေးအကျိုးကျေးဇူးအပေါ် ထပ်မံဖြည့်စွက်ရန်၊ ခန္ဓာကိုယ်၏ ကျန်းမာသော ဇီဝကမ္မ ဖြစ်စဉ်များအားထိန်းသိမ်းရန် သို့မဟုတ် မြှင့်တင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်စေရန် ဖော်ပြပါအချက်များမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ သုံးစွဲရန်ထုတ်လုပ်ထားသော ထုတ်ကုန်များဖြစ်သည်။ အဆိုပါဖြည့်စွက်စာများတွင် အာဟာရတစ်မျိုးမျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော  အာဟာရများအတွက် အထောက်အကူပြုဖြည့်စွက်စာများ၊ အပင်ထွက်နှင့်   အပင်မျိုးရင်းတို့မှ အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ထားသော ဖြည့်စွက်စာများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်မျိုးရင်းတို့မှ အလုံးစုံသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်းထုတ်လုပ်ထားသော ဖြည့်စွက်စာများ၊   ခန္ဓာကိုယ်အကျိုးပြု အဏုဇီဝပိုးမွှား သို့မဟုတ်  ၎င်း၏ ထွက်ကုန်ပစ္စည်းတစ်မျိုးမျိုးဖြင့် ထုတ်လုပ်ထားသော ဖြည့်စွက်စာများ၊ ကျန်းမာရေး အထောက် အကူပြုစေရန်အတွက် အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြုပြင်ဖန်တီးထုတ်လုပ်ထားသော အာဟာရ သို့မဟုတ် ဇီဝဓာတ်တစ်မျိုးမျိုးပါဝင်သည့် ဖြည့်စွက်စာများ စသည်တို့ပါဝင်ပါသည်။

ဖြည့်စွက်စာများထုတ်လုပ်ရာတွင်  အခဲ၊ အတောင့်ပုံစံများ (Pill, Capsule, Tablet)၊ အမှုန့်ပုံစံများ(Powder)၊   အရည်ပုံစံများ (Liquid) ဖြင့် ထုတ်လုပ်ရောင်းချကြပြီး ဖြည့်စွက်စာများသည် ရောဂါတစ်စုံတစ်ရာကို ကာကွယ်၊ ကုသ၊ သက်သာ၊ ပျောက်ကင်း စေရန် ထုတ်လုပ်ထားခြင်း မဟုတ်သဖြင့် စားသုံးသူများသည် မိမိကိုယ်တိုင်ကျန်းမာရေးစောင့်ရှောက်မှုအရ သော်လည်း ကောင်း၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်အခြေအနေ သို့မဟုတ် အကျိုးကျေးဇူးတစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း ဝယ်ယူ သုံးစွဲလိုပါက သတိပြုရန်အချက်များကို   ကြိုတင်သတိပြုသိရှိထားသင့်ပေသည်။

ဖြည့်စွက်စာအများစုသည် ဆေးဝါးများကဲ့သို့ တိကျသော သိပ္ပံပညာဆိုင်ရာ၊    ကျန်းမာရေးသိပ္ပံပညာဆိုင်ရာ/ဆေးသုတေသနဆိုင်ရာ အထောက်အထားများ   အပြည့်အဝမရှိခြင်း၊ ကျန်းမာရေးအကျိုးကျေးဇူးများအပေါ် ရှာဖွေတွေ့ရှိမှုများအလိုက် ကွဲလွဲမှုများရှိခြင်းတို့ ကြောင့် ၎င်းတို့အား ရွေးချယ်ဝယ်ယူခြင်းမပြုမီ စားသုံးသူမှ မိမိလိုအပ်ချက်နှင့်ကိုက်ညီမည့် အာဟာရအထောက်အပံ့ သို့မဟုတ် ကျန်းမာရေးအကျိုးကျေးဇူးများကို လေ့လာသိရှိထားရမည်။

ဖြည့်စွက်စာများ၏ ပါဝင်ပစ္စည်းများသည် သဘာဝမှရရှိသော အစာအာဟာရများ၊ ယင်းကဲ့သို့ တူညီအောင် နည်းပညာတစ်ရပ်ရပ်ဖြင့်   ပြုပြင်ဖန်တီးထားသည့်အာဟာရများဖြစ်ပြီး ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာအတွက် အလုံးစုံအာမခံချက်ပေးခြင်းများ တိတိကျကျ မရှိကြောင်း သိရှိထားသင့်ပါသည်။

ဖြည့်စွက်စာအများစုသည် စားသုံးသူမှ သုံးစွဲနေသော အခြားဆေးဝါးတစ်မျိုးမျိုးနှင့် ဓာတ်ပြုမှုဖြစ်စေနိုင်ခြင်း၊ နောက်ဆက် တွဲဆိုးကျိုးများဖြစ်ပေါ်စေနိုင်ခြင်းအပြင် မူလသုံးစွဲနေသော ဆေးဝါး (ဥပမာ - သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေး၊ ပဋိဇီဝဆေး၊ ဆီးချိုကျဆေး၊ သွေးကျဆေး စသည်တို့အား သုံးစွဲနေပါက)အာနိသင်အား သက်ရောက်မှုတစ်စုံတစ်ရာ ဖြစ်စေနိုင်ပါသည်။

ဖြည့်စွက်စာများတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုရန် ခက်ခဲသော အရောအနှောများ  (ဥပမာ - တားမြစ်ဆေးဝါးအရောအနှောများ၊ Hormone အစားထိုးများ၊ Steroid အစားထိုးများ စသည်) ပါဝင်နေနိုင်သည်။ မိမိသုံးစွဲမည့် ဖြည့်စွက်စာ၏ အမျိုးအစား၊ ပါဝင်ပစ္စည်း၊ သုံးစွဲရန်အညွှန်း/သုံးစွဲရမည့်အခြေအနေ၊ ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုး၊ တွဲဖက်အသုံးပြုရန် မသင့်သည့် အခြားဆေးဝါးများ စသည်တို့အား သေချာစွာလေ့လာစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲရန်   လိုအပ်ပါသည်။

ဖြည့်စွက်စာများသည်  နေ့စဉ်ပုံမှန်စားသုံးသော   အစားအသောက်အာဟာရများကို အစားထိုးသုံးစွဲရန်မဟုတ်ကြောင်းကိုပါ သိရှိရန် လိုအပ်ပါသည်။ လိုအပ်ပါက ဖြည့်စွက်စာများနှင့်ပတ်သက်၍  ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူနှင့် တိုင်ပင်ဆွေးနွေး၍ အကြံဉာဏ်ရယူပြီးမှသာ  ဝယ်ယူသုံးစွဲသင့်ကြောင်း အကြံပြုလိုပါသည်။

ဆေးဝါးများ (Drugs) နှင့်   ဖြည့်စွက်စာ (Food Supplement, Health Supplement) များ ဝယ်ယူသုံးစွဲခြင်းနှင့် ပတ်သက်၍ သတိပေးချက်များ၊ တားမြစ်ချက်များအား မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အခါ အားလျော်စွာ အသိပေးကြေညာချက်များ ထုတ်ပြန်လျက်ရှိပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး စစ်ဆေး၍ အသုံးပြုရန်မသင့်သည့်ဆေးဝါးများနှင့် ဖြည့်စွက်စာများကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်း ဖော်ပြလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့်   မိမိသုံးစွဲသည့် ဆေးဝါးဖြစ်စေ၊  ဖြည့်စွက်စာဖြစ်စေ အသုံးပြုရသည့်  လိုအပ်သည့်အခြေခံအကြောင်းအရာများ ပြည့်စုံမှ သာ အကျိုးနှင့် အပြစ်များသိရှိပြီး အသုံးပြုသင့်ပါသည်။  “အသုံးပြုတတ်လျှင်ဆေး၊ အသုံးမပြုတတ်လျှင်ဘေး”ဆို သည့်အတိုင်း    နာမကျန်းဖြစ်လျှင် စနစ်တကျလိုက်နာသုံးစွဲပါက  အမှန်တကယ်သက်သာပျောက်ကင်းစေပြီး မှန်ကန်စွာသောက် သုံးခြင်း မပြုပါက မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။ သို့ဖြစ်ရာ မိမိ၏ရောဂါအတွက် လိုအပ်ချက်ရှိသည့် အချိန်တွင် ကျွမ်းကျင်ဆရာဝန်များ၏ အကြံပြုချက်ရရှိမှသာ ဆေးဝါးသုံးစွဲခြင်းများ၊ ဖြည့်စွက်စာမှီဝဲခြင်းများ  ဆောင်ရွက်သင့်ပါ ကြောင်း သတိပေးလိုပါသည်။    ။

ဒေါက်တာကျော်စိုးထွန်း(ဥပဒေဆေး)