ဆွစ်ဇာလန်နိုင်ငံ၌ စက်ရုပ်အသုံးပြုပြီးလေယာဉ်ပိုးသတ်မှုစနစ်ကိုစမ်းသပ်

ဇူးရစ်၊ နည်းပညာ

ဆွစ်ဇာလန်နိုင်ငံ၌ စက်ရုပ်အသုံးပြုပြီး လေယာဉ်ပိုးသတ်မှုစနစ်ကို စတင်စမ်းသပ်ကြောင်းနှင့် ထိုသို့သော နည်းဖြင့် လေယာဉ်စီးခရီးသည်များ၏ ယုံကြည်မှုကိုရရှိရန်ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါစနစ်ကို ယူဗီယာကုမ္ပဏီက ဖန်တီးကာ ဒူဘိုင်းအခြေစိုက် နာတာကုမ္ပဏီနှင့်ပူးပေါင်း၍ ဟယ်ဗက်တစ် လေကြောင်းလိုင်းမှ အမ်ဘရေယာလေယာဉ်များအတွင်း စမ်းသပ်မှုလုပ်ဆောင်ခြင်းဖြစ်သည်။

ယခုစနစ်အတွက်အသုံးပြုသည့် ပိုးသတ်ကိရိယာမှာ ခရမ်းလွန်ရောင်ခြည်ဖြစ်ပြီးထိုခရမ်းလွန်ရောင်ခြည်က လေယာဉ်အတွင်းခန်းရှိ ကူရှင်များအပေါ်ထိခိုက်စေခြင်းရှိ၊ မရှိ လေကြောင်းလိုင်းများက စောင့်ကြည့်နေဆဲ ဖြစ်သည်။

ထိုကဲ့သို့ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ရဖန်များလာသည့်အခါ လေယာဉ်အတွင်းခန်းရှိကူရှင်များ အရောင်မှိန်သွားနိုင်သော်လည်း ထိုစနစ်ကိုအသုံးပြုခြင်းဖြင့် လေယာဉ်များကို စိတ်ချလက်ချစီးနိုင်စေမည်ဖြစ် ကြောင်း ယူဗီယာကုမ္ပဏီပူးတွဲ တည်ထောင်သူ ဂျိုဒေါ့အယ်မီဂါက ပြောသည်။

ယခုအသုံးပြုသည့် နည်းပညာသည် နိုင်ငံတကာတွင် အတည်ပြုပြီးသော နည်းပညာဖြစ်ကာ ဆေးရုံများ နှင့်ဓာတ်ခွဲခန်းများ၌ နှစ်ပေါင်း ၅၀ ကျော်ကြာ အသုံးပြုခဲ့သည့် နည်းပညာဖြစ်ကြောင်းနှင့် မည်သည့်ဗိုင်းရပ် အကြွင်းအကျန်မျှ မကျန်စေနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါစက်ရုပ်အသုံးပြု ပိုးသတ်စနစ်က လျှောက်လမ်းတစ်လမ်းပါ လေယာဉ်တစ်စင်းကို ၁၃ မိနစ်အတွင်း ပိုးသတ်နိုင်ပြီး လေယာဉ်ကြီးပါက ပိုးသတ်ရန် အချိန်ပိုကြာနိုင်ကြောင်းသိရသည်။

Ref: TST