ဇရာကိုဟန့်တားနိုင်မည့် မျိုးရိုးဗီဇကုထုံးတစ်ခုကို တရုတ်သိပ္ပံပညာရှင်များတီထွင်

ပေကျင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံမှ   သိပ္ပံပညာရှင်များသည် ဇရာကိုဟန့်တားနိုင်မည့်  မျိုးရိုးဗီဇကုထုံးတစ်ခုကို တီထွင် လိုက်ပြီး    ထိုကုထုံးက ကြွက်များ၏ အသက်အရွယ်ကြီးရင့်မှုကို ဟန့်တားပေးကာ အသက်ရှည် စေသည်ကိုတွေ့ရကြောင်း သိရသည်။

အဆိုပါကုထုံးသည် kat7 ဟုခေါ်သည့် မျိုးရိုးဗီဇတစ်ခုကို   သက်ဝင်လှုပ်ရှားမှုမရှိအောင် လုပ်ဆောင် လိုက်ခြင်းဖြစ်ပြီး ထိုမျိုးရိုးဗီဇသည်    ကလာပ်စည်းများ ကြီးရင့်မှုကိုဖြစ်စေသည့် အဓိကကျသော မျိုးရိုးဗီဇဖြစ်ကြောင်း သိပ္ပံပညာရှင်များက သိပ္ပံဆေးပညာဂျာနယ်တစ်စောင်၌ဖော်ပြထားသည်။ ထိုကဲ့သို့သောကုထုံးကိုအသုံးပြုမှုနှင့် ယခုကဲ့သို့ရလဒ်ထွက်ပေါ်လာမှုသည် ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း သိပ္ပံပညာရှင်များကပြောသည်။

လေ့လာစမ်းသပ်မှုတွင် ပါဝင်သော ကြွက်များကို ၆ လမှ ၈ လအတွင်းစမ်းသပ်ပြီးနောက် ဘက်ပေါင်း စုံမှတိုးတက်မှုများကိုမြင်တွေ့ရကြောင်းနှင့် အရေးအကြီးဆုံးအချက်မှာ   ၎င်းတို့၏သက်တမ်းကို ၂၅ ရာခိုင်နှုန်းဆွဲဆန့်ပေးနိုင်ခြင်းဖြစ်ကြောင်း ပါမောက္ခဟူးကျင်းကပြောသည်။ အဆိုပါစမ်းသပ်မှုကို    တရုတ်သိပ္ပံအကယ်ဒမီကလုပ်ဆောင်ခြင်းဖြစ်ပြီး CRI-SPR/Cas9   နည်းလမ်းကိုအသုံးပြုကာ မျိုးရိုးဗီဇထောင်ပေါင်းများစွာကို လေ့လာစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

လေ့လာစောင့်ကြည့်မှုတွင်ပါဝင်သည့် မျိုးရိုးဗီဇ ၁၀၀၀၀ ဝန်းကျင်အနက် ၁၀၀ ကိုရွေးထုတ်ကာ   ထိုအထဲကမှ kat7 က ကလာပ်စည်းများ    အိုမင်းရင့်ရော်မှုကို အဓိကထိန်းချုပ်နေသူဖြစ်ကြောင်း ၎င်းတို့ကတွေ့ရှိသည်။ ထို့နောက်   လန်တီဗိုင်းရပ်ထိုးသွင်းမှုစနစ်ကိုအသုံးပြုပြီး ကြွက်များ၏အသည်း အတွင်းရှိ အဆိုပါမျိုးရိုးဗီဇကို သက်ဝင် လှုပ်ရှားမှုမရှိအောင်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်  အဆိုပါကုထုံးကိုဆက်လက်လေ့လာနေဆဲဖြစ်ပြီး   နောင်တစ်ချိန်တွင် လူသားများ၏ ဇရာကိုဟန့်တားကာ  အသက်ရှည်စေမည့်ကုထုံးဖြစ်လာစေရေး သိပ္ပံပညာရှင်များကမျှော်လင့်ထား ကြောင်း သိရသည်။