တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ သင်ကြား/စီမံဝန်ထမ်းများ ကျောင်း/ရုံး လုပ်ငန်းခွင်သို့ အင်အားပြည့် ပြန်လည် ဝင်ရောက်ရန် နှိုးဆော်ထား

နေပြည်တော်  ဧပြီ  ၂ဝ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်၊   ဒီဂရီကောလိပ်၊   ကောလိပ်များမှ ဆရာ၊ ဆရာမများအတွက် အားလပ်ရက်ရှည်(Vacation)ခံစားခွင့်ကို ၂ဝ၂၁ ခုနှစ် မေ ၂ ရက်အထိ သတ်မှတ်ခွင့်ပြုခဲ့ပြီး   ပါရဂူဘွဲ့ကြို သင်တန်းများ၊ မဟာတန်း(ရေးဖြေ) သင်တန်းများ၊ ဘွဲ့ကြိုနောက်ဆုံးနှစ်သင်တန်းများ၊  တတိယနှစ်  ဂုဏ်ထူးတန်းများနှင့် နောက်ဆုံးနှစ် မဟာအရည်အချင်းစစ် သင်တန်းများကို ၂ဝ၂၁ ခုနှစ်  မေ  ၅  ရက်မှစတင်၍  ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

သို့ဖြစ်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် အသီးသီးမှ   သင်ကြားရေး  ဆရာ၊ ဆရာမများအားလုံးနှင့် စီမံဝန်ထမ်းများ အားလုံးတို့သည် ၂ဝ၂၁ ခုနှစ် မေ ၃ ရက် တနင်္လာနေ့မှစတင်၍ မိမိတို့၏ လုပ်ငန်းခွင်များသို့ အင်အားပြည့် ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန် ပညာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။