တစ်စည်ကို ၁၁၃ ဒေါ်လာအထိ ရောက်ရှိသွားတဲ့ Brentရေနံစိမ်းဈေးနှုန်း

မေ ၆ ရက် နံနက်ပိုင်းမှာတော့ ရေနံစိမ်းဈေးနှုန်းက သီတင်းပတ်နှစ်ပတ်ဆက်တိုက် မြင့်တက်လာတဲ့ အခြေအနေအထိ ရောက်ရှိသွားပါတယ်။

ဥရောပသမဂ္ဂက ရုရှားဆီကနေ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတင်သွင်းမှု အားလုံးကို တားမြစ်မယ့် အဆိုပြုချက်က ကမ္ဘာ့ရေနံစိမ်း ဈေးကွက်ကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေပါတယ်။

အခုဆိုရင် မေ ၆ ရက် အရှေ့တိုင်းစံတော်ချိန် နံနက် ၇ နာရီခွဲမှာ WTI ရေနံစိမ်းက တစ်စည်ကို ဒေါ်လာ ၁၁၀ နဲ့ Brent ရေနံစိမ်းက တစ်စည်ကို ၁၁၃ ဒေါ်လာအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဒီလိုမျိုး    ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ  မြင့်တက်လာရခြင်းကလည်း အခုသီတင်းပတ်အတွင်း   ထွက်ပေါ်ခဲ့တဲ့ ရှယ်ယာဈေးတက်စေသော သတင်းတွေကြောင့် အဓိကဖြစ်ပါတယ်။

ဥရောပကော်မရှင်ဆိုရင် ဥရောပသမဂ္ဂအနေနဲ့ ဒီနှစ်ကုန်ကနေစပြီး ရုရှားဆီကနေ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေ တင်သွင်းမှု အားလုံးကို တားမြစ်ပိတ်ပင်သွားမယ့် အဆိုကို မေ ၄ ရက်မှာ တရားဝင်တင်သွင်းလိုက်ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရမယ် ဆိုရင်တော့ ဒါဟာမလွယ်ကူပါဘူး။ ဥရောပသမဂ္ဂအဖွဲ့ဝင် တချို့နိုင်ငံတွေဆိုရင် ရုရှားရဲ့ ရေနံစိမ်းအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုနေရတာပါ။ ဒါပေမဲ့ မိမိတို့အနေနဲ့ ဒီလိုမျိုးလုပ်ကို လုပ်ရပါလိမ့်မယ်။ အခု ရုရှားဆီကနေ ရေနံတင်သွင်းမှုကို တားမြစ်ပိတ်ပင်ဖို့ အဆိုပြုထားပါတယ်။ ဒီအဆိုပြုမှုဟာ ရုရှားဆီကနေ ရေလမ်းကြောင်းကဖြစ်စေ၊ ပိုက်လိုင်းကဖြစ်စေ၊  ရေနံစိမ်းဖြစ်စေ၊ ချက်လုပ် ပြီးသားဖြစ်စေ ဘယ်လိုပုံစံမျိုးနဲ့မဆို တင်သွင်းမှုအားလုံးကို အပြည့်အဝ တားမြစ်ပိတ်ပင်သွားမှာ ဖြစ်ပါတယ် ဆိုပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌက  ဥရောပလွှတ်တော်မှာ ပြောထားပါတယ်။

ဟန်ဂေရီနိုင်ငံလိုမျိုး  ဥရောပသမဂ္ဂအဖွဲ့ဝင်တချို့နိုင်ငံတွေကတော့ ရုရှားဆီကနေ ရေနံတင်သွင်းမှု တားမြစ် ပိတ်ပင်ခြင်းကို လုံးဝဆန့်ကျင်ပါတယ်။

ဒါ့အပြင် ဥရောပကော်မရှင်ရဲ့အဆိုပြုချက်ကို အတည်ပြုဖို့ဆိုရင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံစလုံး သဘောတူရမှာ ဖြစ်တဲ့အတွက် ဒီအဆိုပြုချက်ကို  တညီတညွတ်တည်း   အတည်ပြုနိုင်ဖို့အရေး အဖွဲ့ဝင်နိုင်ငံ တွေကြား ဆွေးနွေးမှုတွေ လုပ်နေတာလည်း တွေ့ရပါတယ်။

မေ ၅ ရက်တုန်းက ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့နှင့် အပေါင်းအပါနိုင်ငံများ (OPEC+)က သူတို့ရဲ့ သမိုင်းတစ်လျှောက် မှာ အချိန်အတိုဆုံး ဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲရလဒ်ကတော့ သူတို့အနေနဲ့ ထုတ်လုပ်မှုပုံစံနဲ့အစီအစဉ်ကို တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိဘဲ လက်ရှိ အတိုင်းပဲ  ဆက်လက်ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့ရဲ့အစီအစဉ်ကတော့  ဇွန်လအတွင်းမှာ ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၄၃၂၀၀၀ အထိတိုးမြှင့် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ ဒီအခြေအနေကိုတော့ ရေနံစိမ်းဈေးကွက်က အစောကြီး ကတည်းက ကြိုတင်သိရှိပြီးသားပါ။

OPEC+ မှ နိုင်ငံများအနေနဲ့ သူတို့ရဲ့လစဉ်ရေနံစိမ်း ထုတ်လုပ်မှု ပမာဏကို သင့်တော်ရုံပမာဏလောက် တိုးမြှင့်မယ်လို့ မူဝါဒချမှတ် ထားပေမယ့် တကယ်တမ်းမှာတော့ အဖွဲ့ဝင်နိုင်ငံ တော်တော်များများက သူတို့အတွက် သတ်မှတ်ပေးထားတဲ့ ပမာဏကို ပြည့်မီအောင်ထုတ်လုပ်ခြင်း မရှိပါဘူး။

ဒါကြောင့် OPEC+ အနေနဲ့ တစ်ရက်ကို ရေနံစိမ်းစည် ၁ သန်းခွဲထုတ်လုပ်မယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ သတ်မှတ်ပမာဏ ပြည့်မီခြင်း မရှိတာကို  တွေ့နေရပါတယ်။

ဒီအတွက်ကြောင့် အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ရေနံစိမ်းထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ဖို့က ရေတိုမှာ မဖြစ်နိုင်သေးပါဘူး။

အဓိကကတော့ ရုရှားဆီကနေ ရေနံစိမ်းတင်သွင်းမှု   နည်းပါးသွားမယ့်အတွက် သူတို့အနေနဲ့   ရေနံစိမ်း ထုတ်လုပ်မှုကို တိုးမြှင့်လာစရာ အကြောင်းမရှိလို့ဘဲ ဖြစ်ပါတယ်။

Ref: OilPrice