တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း

ချစ်ခင်လေးစား အပ်ပါတဲ့ ပြည်ထောင်စု ဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-

လွန်ခဲ့တဲ့  (၅)နှစ် ယခုလိုအချိန်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်ကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်းနဲ့ နိုင်ငံတကာအသိသက်သေများနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီး တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီနေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခဲ့တဲ့ (၅)နှစ်မြောက် နှစ်ပတ်လည် နေ့ပဲဖြစ်ပါတယ်။ ဒီစာချုပ်မှာ ကျွန်တော် ကိုယ်တိုင်ပါဝင်ရေးထိုးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ယခင်သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့  ဒီမိုကရေစီပထမအစိုးရ လက်ထက်မှာ ဒီအချိန်မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရ မှတ်တိုင်ဖြစ်တဲ့ NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီစာချုပ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  (Ceasefire)လို့ အမည်တပ်ထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ရည်မှန်းချက်ထက်  ပိုမိုနက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေ၊ အကျိုးတရားတွေ၊ စစ်မှန်ခိုင်မာမှန်ကန်တဲ့  ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်းနိုင်မယ့် အာမခံချက်တွေ၊ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို   အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အာမခံချက်တွေ ဒီစာချုပ်မှာ အကုန် ပါဝင်နေတာကို အားလုံးသိရှိပြီး ဖြစ်ကြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ရာနိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉ ရာစု အတွင်း ကမ္ဘာကို နယ်ချဲ့လွှမ်းမိုးလာတဲ့ အင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး   ၁၈၂၄ ခုနှစ်မှာရခိုင်၊  တနင်္သာရီဒေသ၊ ၁၈၅၂ ခုနှစ်မှာ အောက်မြန်မာနိုင်ငံနဲ့ ၁၈၈၅ ခုနှစ်မှာ တော့ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တယ်။ ဒါ့ကြောင့်  ရခိုင်၊  တနင်္သာရီဒေသဟာ အင်္ဂလိပ်တွေရဲ့လက်အောက်မှာ ၁၂၄ နှစ်၊ အောက်မြန်မာနိုင်ငံဟာ  ၉၆ နှစ်၊  မြန်မာနိုင်ငံတစ်ခုလုံးဟာ  ၆၃  နှစ်   နယ်ချဲ့တွေရဲ့ လက်အောက်မှာနေခဲ့ရပါတယ်။

နယ်ချဲ့တို့ဟာ မြန်မာနိုင်ငံကို သူတို့ရဲ့ အင်ပါယာလက်အောက်ခံနိုင်ငံအဖြစ် သိမ်းသွင်းပြီးကတည်းက မြန်မာ့လွတ်လပ် ရေးဟာဆုံးရှုံးခဲ့ရသလို ဘုရင်စနစ်အုပ်ချုပ်ရေးကိုလည်း   အဆုံးသတ်အောင် အုပ်ချုပ်ရေးပုံစံ အမျိုးမျိုးနဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေဟာ ဗမာနဲ့တိုင်းရင်းသားတွေ ပူးပေါင်းမိပြီး အင်အား တောင့်တင်းလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသား ဒေသတွေနဲ့မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲအုပ်ချုပ်နိုင်ရေး အက်ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စီရင်အုပ်ချုပ်မှုအက် ဥပဒေ စတာတွေပြဋ္ဌာန်းပြီး ဒီဥပဒေတွေ နဲ့ သူတို့လိုလားတဲ့ အုပ်ချုပ်မှုပုံစံ သိမ်းသွင်းခဲ့တာကို   ကျွန်တော်တို့ တိုင်းရင်းသား ညီနောင်များ သတိပြုစေချင်ပါတယ်။ ဒီလိုဥပဒေတွေ၊ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တာ၊ ပြည်နယ်၊ ပြည်မတွေ အထင်အမြင်လွဲ သွေးကွဲခဲ့တာတွေ ဖြစ်ခဲ့ရပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံက သယံဇာတတွေထုတ်ယူဖို့ လုပ်ခဲ့တာကလွဲရင် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှလုပ်ခဲ့တာမရှိပါဘူး။ ဥပမာ-ဧရာဝတီ မြစ်ကူးတံတားဆိုရင် တစ်စင်းပဲရှိခဲ့တာကို တွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးဖို့ အခြေအနေရှိ လာတဲ့အခါ တိုင်းရင်းသားဒေသတွေ ချန်လှပ်ထားနိုင် ဖို့အထိ သွေးခွဲမှုအရှိန်အဟုန်ပြင်းထန် လာအောင် ဆောင်ရွက်ခဲ့တဲ့အတွက် လွတ်လပ်ရေးရရှိနိုင်ဖို့အထိ အချိန်ကာလများစွာ ယူခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ်မှာ  ပြည် ထောင်စုစိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ကြီး ကို တညီတညွတ်တည်း အတည်ပြုပြဋ္ဌာန်း လက်မှတ်ရေးထိုးနိုင်ခဲ့လို့ လွတ်လပ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း ပေါ်ထွန်းလာခဲ့ပါတယ်။

အဲ့ဒီခေတ်ကာလ   နယ်ချဲ့ကိုလိုနီ လက်အောက်နိုင်ငံ အချို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေကို လေ့လာကြည့်ရင်လည်း ဖိနှိပ်ခံရမှု၊ သွေးခွဲခံရမှု၊ လွတ်လပ် ရေးမပေးရအောင် ပြည်တွင်းစစ်များဖန် တီးမှု၊ မလွှဲသာလို့ လွတ်လပ်ရေး ပေးရတော့မယ်ဆိုလည်း အဲ့ဒီနိုင်ငံလွတ်လပ်ပြီး မကြာခင်တစ်နည်း တစ်ဖုံအားဖြင့် သူတို့အနေနဲ့ ပြန်လည်လွှမ်းမိုးမှုရနိုင်အောင် ဆောင်ရွက်ထားမှု စတဲ့နည်းမျိုးစုံဖြင့် ပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်ဆောင်ရွက်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။   ဒီလိုပဲ ကျွန်တော်တို့နိုင်ငံကိုလည်း လွတ်လပ်ရေးနဲ့ ဝေးအောင် သွေးခွဲခဲ့တယ်။ လွတ်လပ်ရေး မပေးမဖြစ်ပေးရမယ့် အခြေအနေရှိ လာပြန်တော့လည်း ခွဲထွက်ရေး၊ ကွဲအက်ရေး လှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများဆက်တိုက်ဖန်တီးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လွတ်လပ်ရေးရစမှာပင် နယ်ချဲ့ဆိုးမွေ အဖြစ်ပါလာတဲ့ သွေးကွဲမှုအခြေခံဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် အရောင်အသွေးစုံတဲ့အတွက် ပြည်သူကခေါ်တဲ့   ရောင်စုံသောင်းကျန်းမှုကြီး ပေါ်ပေါက်လာခဲ့တာ ယနေ့ဆိုနှစ်ပေါင်း ၇၀ ကျော်မျှရှိနေပါပြီ။ လွတ်လပ်ရေးရပြီး နိုင်ငံ့တာဝန်ယူခဲ့ရတဲ့ အစိုးရအဆက်ဆက်က သောင်းကျန်းမှုချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့ကို ကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ အပြည့်အဝ မအောင်မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီအစိုးရတို့အုပ်ချုပ်ခဲ့ပြီး ၁၉၇၄  ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးအုပ်ချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ ပါတီစုံစနစ်ကို သွားနိုင်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု များနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ မငြိမ်မသက်မှုများ ကြောင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံရဲ့သမိုင်းဖြစ်စဉ်အရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားနိုင်ငံရေးအဖြစ် ခံယူခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခြင်းတွေကို စေတနာ မှန်စွာဖြင့်ဖိတ်ခေါ်ခဲ့ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့လို့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက်ငြိမ်းချမ်းရေး ရယူနိုင်ခဲ့လို့ တစ်နိုင်ငံလုံးနီးပါးငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တပ်မတော်ဟာ တိုင်းရင်းသားလူမျိုး အရေးကို မိမိတို့သွေးချင်းများရဲ့ အရေးလို့သဘောပိုက်ပြီး ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြောင်း အသိပေးလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုများခင်ဗျား-

တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးရယူခဲ့ရာမှာ ယာယီနေထိုင်ရေး နယ်မြေကန့်သတ် သဘောတူညီချက်တွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် သဘောတူညီချက် တွေစတဲ့ Gentleman Agreement တွေ သာရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်စွဲကိုင်ထားပြီး အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေ၊ အစိုးရအပေါ် ယုံကြည်လို့ လက်နက်စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးကို အစစ်အမှန်မြတ်နိုးတာကြောင့် လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ အခြေအနေဆိုပြီး အမျိုးမျိုးကွဲပြားစွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပါတယ်။ ယနေ့ အချိန်အခါကတော့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်းကနေ နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေး ကောက်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကို တခြားသောနည်းလမ်းနဲ့ ဖြေရှင်းဖို့ကြိုးပမ်းနေကြတဲ့ လက်နက်ကိုင်အင်အားစုများလည်း ရှိနေခဲ့ကြတာကို သတိပြုရမှာပဲ ဖြစ်ပါတယ်။  ပြည်သူလူထုလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ဟာ  ပြည်သူလူထုရဲ့ဆန္ဒပါ။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့အပြုအမူ၊ အလေ့အထ၊ လုပ်ဆောင်ချက်တွေရှိဖို့လိုအပ်ပါတယ်။  ဒါ့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို    ဒီမိုကရေစီ စံနှုန်းတွေအတိုင်း၊ အများစုက လက်ခံသဘောတူညီချက်တွေအတိုင်း အခြေခံထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့အညီ ဒေသအားလုံးတူညီတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကိုသွားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသနဲ့ မြို့ပြဒေသ အကြား၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအကြား၊ ဒေသတစ်ခုနဲ့တစ်ခုအကြား ဆူကြုံနိမ့်မြင့်ကွဲခြားနေမှုကို ကွဲပြားမှု၊ ကွာခြားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၁၁ ခုနှစ် ဒီမိုကရေစီပထမ အစိုးရသက်တမ်းကာလမှာ ရွေးချယ်ခံ အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေနဲ့အတူ  ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး ဖြစ်စဉ်တွေကို သမိုင်းပေးလုပ်ငန်း တာဝန်အနေနဲ့ ခံယူကာ တစ်ချိန်တည်း တစ်ပြိုင်တည်းထား ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ငြိမ်းချမ်းရေးမရရှိဘဲ အပြောင်းအလဲကိုသွားဖို့ ဆိုတာ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ကဏ္ဍသစ်တစ်ရပ် ကျွန်တော်တို့ ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)ကို အတူတကွ ညှိနှိုင်း ရေးဆွဲခဲ့ကြပါတယ်။ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှာ လိုင်ဇာညီလာခံကနေစပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ရေးဆွဲရေး သဘောတူ ညီမှုရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊  မတ်လ ၃၁ ရက်မှာ တစ်ခုတည်းသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ရရှိခဲ့ပါတယ်။   ကျွန်တော်ဒါတွေကို ထည့်သွင်းပြောကြားရခြင်းဟာလည်း ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ပြီးစလွယ်၊ အလျင်အမြန် လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ ဘယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ရတယ်။  တွေ့ကြုံရတဲ့ အခက်အခဲတွေကို  ကျွန်တော်တိုရဲ့ညီညွတ်တဲ့ ပေါင်းစည်းစွမ်းအားများနဲ့   ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို   အမှတ်ရစေဖို့နဲ့ နောင်ဆက်လက် လုပ်ဆောင်မယ့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက်  ခွန်အားတွေဖြစ်စေဖို့ဖြစ်ပါတယ်။  ပထမစာချုပ်မူကြမ်းကနေ  NCA စာချုပ်အထိကို သဘောတူညီမှုရရှိအောင် ၆ ကြိမ်တိုင်တိုင် ညှိနှိုင်းဆွေးနွေးကြရာမှာ အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊  စာပိုဒ်တစ်ပိုဒ်ချင်း၊  စာလုံးအသုံးအနှုန်းတစ်ခုချင်းကို အသေးစိတ်အကျေအလည် ဆွေးနွေးပြီး အားလုံး သဘောတူညီချက်ရရှိပြီးမှ စာချုပ်မှာ ထည့်သွင်းရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

NCA ထဲမှာပါဝင်တဲ့ သဘောတူညီချက် အားလုံးနီးပါးဟာ တိုင်းရင်းသားလက်နက်ကိုင်များဘက်က တင်ပြချက်များအပေါ် အခြေခံပြီး အစိုးရနဲ့တပ်မတော်ဘက်က ညှိနှိုင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံကြိုးစား အားထုတ်မှုတွေကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့သမိုင်းဝင်သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ယနေ့ဆိုလျှင် (၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ နှစ်ဖွဲ့နဲ့ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ NCA ဖြစ်ပေါ်လာမှုဟာ ခက်ခက်ခဲခဲနက်နက် ရှိုင်းရှိုင်းနဲ့ကြိုးပမ်း ခဲ့ရတာပဲဖြစ်ပါတယ်။  ဒါ့ကြောင့်လည်း ပါဝင်သူများအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးအပြီး၄ နှစ်တာကာလအတွင်းမှာ နောက်ထပ်၂ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက် ၅ နှစ်တာကာလ အတွင်းမှာတော့ ထိထိရောက်ရောက် တိုးတက်မှုမပြနိုင်ဘဲ ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ရဲ့ အစိတ်အပိုင်းများကိုသာ သဘောတူညီမှု ရရှိနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ စောစောစီးစီးချုပ်ငြိမ်းလေ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကလည်း စောစောစီးစီး ရမှာဖြစ်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA လမ်းကြောင်းကို စောနိုင်သမျှ  စောစောလျှောက်လှမ်းဖို့ တိုက်တွန်းလိုပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

NCA စာချုပ်ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လို့ အမည်တွင်ပေမယ့် စာချုပ်ထဲမှာ ပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်ပါတယ်။ NCA ရဲ့ အခြေခံမူတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေး ယဉ်ကျေးမှုအသစ်တစ်ရပ်ကို ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိမယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး တည်ဆောက်ရန် သဘောတူထားကြတာဖြစ်တဲ့အတွက် NCA မှာပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့အညီ နိုင်ငံရေးဆွေးနွေးမှု ရလဒ်များကနေ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီပြည်ထောင်စုဖြစ်စေဖို့ လမ်းခင်းပေးထားတာပဲ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ တောင်တန်း၊ ပြည်မမခွဲခြားဘဲ လွတ်လပ်ရေးရရှိနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ပင်လုံစိတ်ဓာတ်(ပြည်ထောင်စုစိတ်ဓာတ်)ကို အခြေခံပြီး တညီတညွတ်တည်းအတည်ပြု ပြဋ္ဌာန်းလက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ဟာ လွတ်လပ်ရေးအတွက် အစဟုဆိုလျှင် ယနေ့ကျွန်တော်တို့ လက်ထက်မှာ ပေါ်ပေါက်လာခဲ့တဲ့ NCA ဟာလည်း ငြိမ်းချမ်းရေးရဲ့အခြေခံအုတ်မြစ်လို့ဆိုရမှာဖြစ်ပါတယ်။

တိုင်းရင်းသားညီနောင်များခင်ဗျား-

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ -၂၂ မှာ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေကို ဖွံ့ဖြိုးတိုးတက်စေဖို့၊  တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနဲ့ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေဖို့၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေ

တဲ့ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေပါဝင်တဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့အတွက်   နိုင်ငံတော်က ကူညီရမယ်။ ပုဒ်မ-၄၉ မှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေများအဖြစ် ခွဲခြားသတ်မှတ်ပေးခြင်း၊ ပုဒ်မ-၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ သတ်မှတ်ပေးခြင်း၊ ပုဒ်မ-၂၆၁(ခ)(ဂ)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနဲ့ အခန်း(၈) “နိုင်ငံသူ၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနဲ့တာဝန်များ” ပါအချက်တွေအရ တိုင်းရင်းသားများအားလုံးကို အခွင့်အရေးတူ ပေးအပ်ထားပါတယ်။ ဒေသအကြီးအသေးကွဲပြားခြားနားတာ၊ လူဦးရေနဲ့မျိုးနွယ်စု ကွဲပြားခြားနားတာတွေ ရှိနေပေမယ့် တိုင်းရင်းသားအားလုံး ရရှိခံစားရတဲ့ အခွင့်အရေးကတော့ တန်းတူညီမျှ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့တပ်မတော်အနေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိမိတို့ဒေသအကျိုးကို မိမိတို့ကိုယ်တိုင် ပိုမိုဖော်ဆောင်နိုင်ဖို့၊ သက်ဆိုင်ရာဒေသခံပြည်သူ များအနေနဲ့  ဒီမိုကရေစီအနှစ်သာရကို  ပိုမိုရရှိခံစားနိုင်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်က ရွေးချယ်ခန့်ထားနိုင်ဖို့ လိုလားပါတယ်။ ဒီနေရာမှာ ပြည်သူလူထုက ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်တာကို လက်ခံရမှာပဲဖြစ်ပါတယ်။  ဒီမိုကရေစီအသွင်ပြောင်းလဲရေး ပထမကာလမှာပဲ တိုင်းရင်းသားပြည်သူလူထုရဲ့အကျိုးကို   ရှေးရှုပြီး ပထမလွှတ်တော်သက်တမ်းကာလ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချို့အချက်တွေကို ပြင်ဆင်၊ ဖြည့်စွက်ပေးနိုင်ခဲ့ပါတယ်။

နိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရှိသလို နိုင်ငံရေးမူဝါဒကို အခြေခံဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ၊ နယ်မြေဒေသနဲ့ တိုင်းရင်းသားလူမျိုးတွေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီများဆိုပြီး မျိုးစုံရှိကြပါတယ်။ အင်အားကြီးပါတီဟာ  ၂ ခုထက်မကရှိသလို ပါတီငယ်များစွာလည်း ရှိနေပါတယ်။ တိုင်းရင်းသားလူမျိုးတွေ ပေါင်းစည်းစုစည်းနေထိုင်တဲ့  ပြည်ထောင်စုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ နိုင်ငံ့အရေးကို ဆောင်ရွက်ကြမယ့် နိုင်ငံရေးပါတီများဟာ နိုင်ငံတော်တည်ဆောက်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင် ဖို့လိုပါလိမ့်မယ်။ အချိုးကျ ကိုယ်စားပြုခြင်း စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူများ ဥပဒေပြုလွှတ်တော်တွေမှာ ပိုမိုကိုယ်စားပြုခွင့်ရရှိမှာ ဖြစ်ပြီး ပြောရေးဆိုခွင့်လည်း ရရှိလာမှာဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုကြီးများသာမက တိုင်းရင်းသားလူမျိုးစုငယ်များအနေနဲ့လည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာသာမက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာ ပါဝင်နိုင်တဲ့ အခွင့်အရေးပိုမိုရရှိပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါမှလည်း ကျွန်တော်တို့နိုင်ငံဟာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မှာ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့မှာရှိတဲ့ စွမ်းအားတွေကို ထိထိရောက်ရောက် အသုံးချပြီး ခိုင်မာမှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ ပြည်သူတွေလူမှုဘဝ အေးချမ်းစွာ နေထိုင်စေဖို့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တိုင်းရင်းသားဒေသများကို သွားရောက်ပြီးတော့ လက်တွေ့ပါတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယနေ့ကမ္ဘာမှာ COVID-19 ရောဂါဖြစ်ပွားလျက်ရှိရာ တပ်မတော်အနေနဲ့ COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အထောက်အကူပြုပစ္စည်းများကို (NMSP) မွန်အဖွဲ့၊ UWSA (ဝ)အဖွဲ့၊ KIO/KIA အဖွဲ့၊ KNU အဖွဲ့၊ KNU/KNLA(PC) အဖွဲ့၊ KKO  အဖွဲ့၊ SSPP/SSA အဖွဲ့၊ KNPP အဖွဲ့၊ RCSS/SSA အဖွဲ့၊ NDAA  (မိုင်းလား) အဖွဲ့တွေသာမက  နာဂ၊  ပအိုဝ်း၊  ဓနု၊ ပလောင်၊ ကိုးကန့်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိုင်းရင်းသားများ၊ အင်းလေးဒေသမှ တိုင်းရင်းသားများအတွက် တပ်မတော်က ၎င်းတို့ရှိရာ ဒေသသို့ သွားရောက် ကူညီထောက်ပံ့ပေးခြင်းဖြင့် တိုင်းရင်းသား တွေအပေါ်မှာ အမြဲအလေးထားလျက်ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုအဖြစ် ဖွဲ့စည်းတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း ၃ ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သဘောတူညီခဲ့ပြီးဖြစ်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် (Union  Accord) အစိတ်အပိုင်း ၃ ပိုင်းမှာသဘောတူညီချက်စုစုပေါင်း ၅၄ ချက် ချမှတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်ဖို့၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့   ပြည်ထောင်စု တည်ဆောက်နိုင်ဖို့တို့အတွက် ဒီပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ်အပိုင်းများကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ယခု လောလောဆယ်မှာ ကျွန်တော်တို့ ဖြတ်သန်းရမယ့် လတ်တလောအရေး ကိစ္စနှစ်ခု ရှိပါတယ်။ COVID-19 ရောဂါကိစ္စနဲ့ ရွေးကောက်ပွဲတို့ပဲဖြစ်ပါတယ်။ COVID-19 ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ယခုနှစ် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော်သွားပြီ ဖြစ်ပါတယ်။ သို့သော်လည်း ယခုလိုရောဂါကူးစက်ပြန့်ပွားမှုကို ကြောက်ရွံ့မနေဖို့နဲ့ ရောဂါကာကွယ် ကုသဆေးပြည့်ပြည့်စုံစုံ မရရှိသေးတာကိုလည်း လက်မှိုင်ချပြီး စိတ်ဓာတ်ကျနေဖို့ မလိုကြောင်း အားပေးပြောကြားလိုပါတယ်။ COVID-19 ရောဂါကူးစက်မှုကို ကာကွယ် နိုင်ဖို့အတွက် ထုတ်ပြန်ထားတဲ့စည်းမျဉ်း စည်းကမ်းတွေကို အလေးထားပြီး တိကျစွာ စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းကောင်းတဲ့ နိုင်ငံသားများအဖြစ်နဲ့ ကျွန်တော်တို့ ကျော်လွှားသွားနိုင်မှာပဲ ဖြစ် ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးဖြစ်ပွားနေတဲ့ အတွက် သန်း ၇၀၀၀ သော လူသားများရဲ့ လူမှုစီးပွားတွေကျဆင်းတယ်ဆိုသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုဟာ မကျဆင်း ပါဘူး။ စားရေးဟာ လူတိုင်းအတွက် လိုအပ်တာဖြစ်လို့ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် ရနိုင်သရွေ့ ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံ့ဝင်ငွေရရှိအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကပ်ရောဂါဖြစ်ပွား စဉ်ကာလအတွင်း မိဘပြည်သူများရဲ့ လူမှု စီးပွားဘဝ တိုးတက်ရေးအတွက် တပ်မတော်အနေနဲ့ စွမ်းအားရှိသမျှ ပြည်သူများနဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မကြာခင်ကာလမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ စနစ်မှာ ရွေးကောက်ပွဲဟာ  ဒီစနစ်ရဲ့ အသက်ပဲဖြစ်ပါတယ်။ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ “ပြည်ထောင်စုစိတ်ဓာတ် စစ်စစ်နဲ့ တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်မယ့်၊ ဥပဒေကို စိတ်ဝင်စားအလေး ထားတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရရှိရေး ဂရုတစိုက်စိစစ်ရွေးချယ်သွားဖို့” ကျွန်တော်အသိပေးလိုပါတယ်။ ဒါမှသာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ကို ပြည့်ပြည့်၀၀ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကို မောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ဖြတ်သန်းလာခဲ့ရတဲ့ NCA သမိုင်းကြောင်းဟာ ကာလအတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်အနေနဲ့--           တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်  တည်ငြိမ်အေးချမ်းမှုရှိရေးဟာ အဓိက ကျတဲ့ အတွက် ထာဝရငြိမ်းချမ်းရေး ရရှိရေးကို ဒို့တာဝန်အရေး (၃)ပါးမူဘောင်ကလည်း မလွတ်ကင်း၊ NCA လမ်းကြောင်း မှလည်း သွေဖည်မသွားဘဲ တိုင်းရင်းသားညီနောင်များနဲ့ အတူလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသား ညီနောင်များကလည်း ပူးပေါင်းပါဝင်သွားကြပါ။

-                  NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးဆန္ဒကို တန်ဖိုးထားပြီး မိမိတို့လက်ထက်မှာ ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ   ပီပြင်စွာ ပေါ်ထွန်းလာစေရေး လက်မှတ် ရေးထိုး သွားကြဖို့နဲ့ လက်မှတ်ရေးထိုး ထားပြီးသား အဖွဲ့များအနေနဲ့လည်း NCA လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းကာ အနာဂတ်ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် ခိုင်မာတဲ့အင်အားသစ်များအဖြစ် လက်တွဲ ဆောင်ရွက်ကြပါ။

-                  ပင်လုံစာချုပ်ဟာ   ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ စည်းလုံးညီညွတ်မှုကို အသိအမှတ်ပြုတဲ့ ပြယုဂ်ဖြစ်သလို  NCA ဟာလည်း  နှစ်ကာလများစွာက ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေ၊ ယုံမှားသံသယတွေ ကင်းစင်လွင့်ပျောက်စေတဲ့ ငြိမ်းချမ်းရေးရဲ့ပြယုဂ်လို့ သဘောထား အသိအမှတ်ပြုကာ စာချုပ်ပါ အချက်များအတိုင်း လိုက်နာဆောင် ရွက်အကောင်အထည်ဖော်ကြပါ။

-                  အခြေခံဥပဒေမှာ ပြင်ဆင်သင့်တာများ ပြင်ဆင်ခြင်းဖြင့် တိုင်းရင်းသားများရဲ့ ကိုယ်စားပြုမှုကို ကျယ်ကျယ် ပြန့်ပြန့် ရရှိနိုင်မှာဖြစ်ပြီး မိမိဒေသအကျိုး၊ လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ရရှိနိုင်မှာဖြစ် တဲ့အတွက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါလို့   တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

-        အားလုံးကို ကျေးဇူးတင်ပါတယ်။