တစ်ပူပေါ်နှစ်ပူဆင့်လို့ နောက်ထပ်ကပ်ရောဂါတစ်မျိုးနဲ့ရင်ဆိုင်နေရပြန်တဲ့ အိန္ဒိယ

ဒီနှစ်ပိုင်းကတော့ အိန္ဒိယနိုင်ငံအတွက် တကယ့်ကို  ကံဆိုးတဲ့နှစ်လို့ပဲဆိုရပါတော့မယ်။ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါဒုတိယအကျော့ကူးစက်မှုက အရှိန်မြင့်တက်နေဆဲမှာပဲ  နောက်ထပ်ကပ်ရောဂါ တစ်မျိုးနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။ အဲဒီကပ်ရောဂါကလည်း ကိုဗစ်-၁၉ ရောဂါနဲ့ဆက်စပ်နေပြန်ပါတယ်။ အထူးသဖြင့် တော့ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ လူနာတွေမှာ အဲဒီလိုရောဂါကူးစက်မှုတွေဖြစ်ပေါ်နေတာပါ။

ကူးစက်မှုဖြစ်တဲ့ ရောဂါကတော့ မြူကော်မိုင်ကော့ဆစ်လို့ခေါ်တဲ့ မှိုပိုးဝင်ခြင်းရောဂါတစ်မျိုးပါပဲ။     ဒီရောဂါ ဟာ သာမန်အားဖြင့် မှိုကြောင့်ဖြစ်တဲ့ရောဂါလို့ဆိုနိုင်ပေမယ့်လည်း အခန့်မသင့်ရင်အသက် ဆုံးရှုံးတဲ့ အထိပြင်း ထန်ပါတယ်။အခု အဲဒီရောဂါပိုးဟာ   အိန္ဒိယနိုင်ငံတစ်ဝန်းမှာပျံ့နှံ့နေပြီး ထောင်ပေါင်းများစွာသော ကိုဗစ်-၁၉ လူနာတွေဟာ ကူးစက်ခံနေရပါတယ်။

အစိုးရကျန်းမာရေးကော်မရှင်ရဲ့ထုတ်ပြန်ချက်အရဆိုရင် မေ ၂၀ ရက်အထိ မှိုပိုးဝင်ခြင်းရောဂါကူးစက်ခံရသူ ၇၃၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။ ဒါကြောင့် မှိုပိုးဝင်ခြင်းရောဂါဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ကပ်ရောဂါ အသွင်တစ်ခုအဖြစ် ပျံ့နှံ့ဖြစ်ပွားနေပြီလို့ ကျန်းမာရေးကော်မရှင်က အတည်ပြုထုတ်ပြန်ထားပါတယ်။ ဒီအတွက် မြူကော်မိုင်ကော့ဆစ်လို့ခေါ်တဲ့  မှိုပိုးဝင်ခြင်းအကြောင်းကို အသေးစိတ်တင်ပြပေးလိုပါတယ်။

မြူကော်မိုင်ကော့ဆစ်လို့ခေါ်တဲ့ မှိုပိုးဝင်ခြင်းရောဂါဟာ မြူကော်မိုင်စိလို့ခေါ်တဲ့ မှိုပိုးအုပ်စုကြောင့်ဖြစ်တာပါ။    အဲဒီမှိုပိုးတွေဟာ အသီးအနှံအပုပ်တွေ၊ မြေသြဇာကောင်းတဲ့မြေကြီး၊ နွားချေးလိုမျိုး တိရစ္ဆာန်အညစ် အကြေး တွေမှာ အများဆုံးတည်ရှိပါတယ်။ ဒီရောဂါဟာ ဖြစ်ပွားမှုအလွန်ရှားပါးပါတယ်။ ဒါပေမဲ့လည်း ဖြစ်ပြီဆိုရင် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး သေဆုံး နိုင်ခြေက ၄၆ရာခိုင်နှုန်းမှသည် ၉၆ ရာခိုင်နှုန်းအထိရှိပါတယ်။

အဓိကအားဖြင့်တော့ ကိုယ်ခံအားနည်းနေတဲ့သူတွေ၊ ရောဂါကိုခုခံနိုင်စွမ်းမရှိတဲ့သူတွေမှာ အဲဒီရောဂါ ဖြစ်နိုင်ခြေများတာပါ။ ဒါ့အပြင် သွေးတွင်းဂလူးကို့ဓာတ်မြင့်မားမှု၊ အောက်ဆီဂျင်နည်းပါးမှု၊  သွေးအက်စစ် တိုးမှု အခြေအနေတွေကလည်း မှိုပိုးဝင်မှုရောဂါဖြစ်ပွားခြင်းကို အားပေးပါတယ်။ မြူကော်မိုင်ကော့ဆစ်ဟာ  ခန္ဓာကိုယ်နေရာအနှံ့အပြားကနေ ဝင်ရောက်နိုင်ပါတယ်။ ဝင်ရောက်တဲ့နေရာအပေါ်မူတည် ပြီး ရောဂါ လက္ခဏာလည်း တူညီမှုမရှိပါဘူး။ အကယ်၍ အဲဒီမှိုပိုးက ဦးခေါင်းခွံအတွင်းလေလမ်းကြောင်းနဲ့ ဦးနှောက် အတွင်းကူးစက်ကြီးထွားလာတယ်ဆိုရင် မျက်နှာတစ်ခြမ်းဖူးရောင်တာ၊ ခေါင်းကိုက်တာ၊ အသက်ရှူ လမ်းကြောင်း ပိတ်တာတွေဖြစ်နိုင်ပါတယ်။

မှိုပိုးကအဆုတ်အတွင်း ဝင်သွားတယ်ဆိုရင်တော့ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူကျပ် တာတွေဖြစ်စေနိုင်ပါတယ်။အစာခြေအူလမ်းကြောင်းထဲဝင်သွားရင်တော့ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာနဲ့ အူလမ်းကြောင်းအတွင်းသွေးထွက်တာတွေအထိဖြစ်နိုင်ပါတယ်။ မှိုပိုးကူးစက်ဝင်ရောက်နိုင် တဲ့ အခြေအနေတွေကတော့ မှိုပိုးပါတဲ့အမှုန်တွေကို ရှူသွင်းမိတာ၊  မြေကြီး၊  စားစရာအပုပ် အသိုး၊ မြေဆွေး စတာတွေနဲ့ထိတွေ့မိတာတွေကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုးမှိုပိုးကူးစက် ဝင်ရောက်ခြင်းက လူတစ်ဦးကနေတစ်ဦးကို ပျံ့နှံ့စေခြင်းမရှိပါဘူး။ ဒါပေမဲ့လည်း  အဲဒီမှိုပိုးက  မိမိပတ်ဝန်းကျင်မှာ   အမြဲတမ်းအသင့်ရှိနေတတ်ပါတယ်။ သူ့ကိုကုသပေးနိုင်တဲ့ ဆေးဝါးတွေက တော့ မှိုပိုးသတ်ဆေးတွေဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေတွေမှာဆိုရင်တော့ အဲဒီမှိုပိုးတွေ ဆက်လက် ကူးစက်ပျံ့နှံ့မှုမရှိစေဖို့အတွက် ကူးစက်ခံထားရတဲ့ ဒါမှမဟုတ် သေဆုံးသွားပြီဖြစ်တဲ့ တစ်သျှူးတွေကို ခွဲစိတ် ထုတ်ပစ်လိုက်ရပါတယ်။ အဲဒီထဲမှာ နှာခေါင်း ဒါမှမဟုတ် မျက်စိတစ်စိတ်တစ်ပိုင်းအထိ ပါဝင်ကောင်း ပါဝင်သွားနိုင်ပါတယ်။

အခု  အိန္ဒိယနိုင်ငံမှာဆိုရင်လည်း အသည်းအသန်ဖြစ်နေတဲ့   ကိုဗစ်-၁၉ လူနာတွေဟာ သန့်ရှင်းမှုနည်းပါးတဲ့ ရေကို ဖြတ်ပြီး ထွက်လာတဲ့အောက်ဆီဂျင်အနည်းငယ်ကိုသာရှူနေရပါတယ်။ ဒါ့အပြင်သန့်ရှင်းမှုမရှိတဲ့ အောက်ဆီဂျင်အိုးတွေကို အသုံးပြုနေရခြင်းတို့ကြောင့်လည်း အခုလိုမျိုး မှိုပိုးဝင်တဲ့ရောဂါ ကူးစက်ခံရ ခြင်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက   ရောဂါပြင်းထန်တဲ့ ကိုဗစ်-၁၉ လူနာတွေဟာ စတီးရွိုက်ဆေးတွေကိုမ ဖြစ်မနေမှီဝဲရပါတယ်။ အဲဒီဆေးတွေဟာ ကိုယ်ခံအားကိုကျဆင်းစေတဲ့အတွက် လူနာကို မှိုပိုးအလွယ်တကူ ဝင်စေနိုင်ပါတယ်။

အဆိုးဆုံးကတော့ ဆီးချိုရောဂါအခံရှိပြီး ကိုဗစ်-၁၉ ရောဂါလည်းဖြစ်ပွားနေတဲ့အပြင် စတီးရွိုက်ဆေးတွေနဲ့ လည်း ကုသမှုခံနေရတဲ့သူတွေက မှိုပိုးဝင်နိုင်ခြေအများဆုံးဖြစ်တယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထား ခြင်းပါပဲ။ အိန္ဒိယနိုင်ငံမှာ အရင်တုန်းကဆိုရင် တစ်နှစ်နေလို့မှ အဲဒီလိုမှိုပိုးဝင်တဲ့လူနာ ၅ ယောက်ပြည့် အောင်တောင်မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခုတော့ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ကိုဗစ်-၁၉ လူနာတွေဟာ ရောဂါကိုကုသနေရချိန်မှာပဲ အခွင့်ကောင်းကိုစောင့်နေတဲ့မှိုပိုးက လူနာတွေရဲ့အသက်ရှင် သန်မှုမျှော်လင့်ချက် ကို ဝင်ရောက်ဖျက်ဆီးနေပြီလို့ပဲ ဆိုရပါတော့မယ်။

 Ref: Hindustan Times, Health

 

ထက်မြတ်