တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

တပ်မတော်သည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊  ပြည်တွင်းပဋိပက္ခနှိမ်နင်းရေးတာဝန်များကို ခေတ်အဆက်ဆက် ထမ်းဆောင် ခဲ့ပြီး ပြည်သူလူထု၏အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကိုလည်း အစဉ်တစိုက်ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ ဆန္ဒဖြစ်သည့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်စေရေးအတွက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင်လုပ်ဆောင်၍ ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏လိုအပ်ချက်များကို လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်းတွင်ထင်ရှားစွာတွေ့မြင်နိုင်သည်။ ထိုဆောင်ရွက်ချက်များသည် မွန်မြတ်ကောင်းမွန်သည့် တပ်မတော်၏ အစဉ်အလာကောင်းများဖြစ်ပြီး ယနေ့တိုင် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပါသည်။

ပြည်သူလူထု၏ လိုအပ်ချက်ဆိုလျှင် တပ်မတော်သည်တတ်စွမ်းသည့်ဘက်မှ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်ရောက်ရှိချိန်မှစ၍ တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း၊ စက်ကိရိယာနှင့် အထောက်အကူပြုဆေးဝါးလိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည့်အပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရ ဖြည့်စွက်စာများလှူဒါန်းခြင်းနှင့်  အထွေထွေလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

တပ်မတော်သည် ခေတ်အဆက်ဆက်ကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်လျက်ရှိသည်မှာ ယနေ့တိုင်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။ အနာဂတ်တွင်လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေမည်သာဖြစ်သည်။ တပ်မတော် အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလကတည်းကပင် နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့သည်။ တိုင်းပြည်တိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို အစိုးရနှင့်အတွဲညီညီ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီအစိုးရသစ် တစ်ရပ်တက်လာခဲ့ပြီး ငါးနှစ်တာကာလအုပ်ချုပ်ခဲ့သည်။ ထိုငါးနှစ်တာကာလအတွင်း စီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတို့တွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အခြား ကဏ္ဍများ၌ တပ်မတော်မှဖြစ်သင့်ဖြစ်ထိုက်သည်များကို အကြံပြုထောက်ပြခဲ့သော်လည်း စစ်ဘက်၊ အရပ်ဘက် ပူးပေါင်း ဆောင်ရွက်မှုအားနည်းခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကအားထားရသော အဖွဲ့အစည်းမှာ တပ်မတော်သာဖြစ်သည်။ တပ်မတော် တစ်ရပ်ကျစ်လျစ်ခိုင်မာစွာ ရှိနေလျှင် ထိုနိုင်ငံကို မည်သူမျှကျူးကျော်စော်ကားဝံ့မည်မဟုတ်ပေ။ တပ်မတော်ကို အင်အားချည့်နဲ့အောင်လုပ်ဆောင်ခြင်းမျိုးကို မျိုးချစ်စိတ်ရှိသူတိုင်းကလက်ခံမည်မဟုတ်ပါ။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး တို့သည် တိုင်းပြည်တည်တံ့ ခိုင်မြဲရေးအတွက် အဓိကသော့ချက်များဖြစ်သည်။ ဒုတိယဒီမိုကရေစီသက်တမ်းအစိုးရသည် ထိုအဓိက သော့ချက်များကို လျစ်လျူရှုခဲ့ပြီး တစ်ပါတီအာဏာရှင်ဆန်ခဲ့သည်။ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်မည့် အရာမှန်သမျှကို လွှတ်တော်တွင် ကိုယ်စားလှယ်မဲအသာဖြင့် ပိတ်ပင်တားဆီးခဲ့ခြင်းကြောင့် ပြည်သူလူထုထောက်ခံမှုနည်းပါးလာခဲ့သည်။ ပြည်သူ့ ထောက်ခံမှု လျော့နည်းကြောင်း ကြားဖြတ်ရွေးကောက်ပွဲများက သက်သေပြလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် တစ်ပါတီတည်းက မဲအပြတ်အသတ်ရရှိရေးအတွက် မဲမသမာမှုကိုနည်းမျိုးစုံသုံး၍ လုပ်ဆောင်ခဲ့သည်။ မဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိပြီး ဖြေရှင်းပေးရန်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းခြင်းမရှိသောကြောင့် အရေးပေါ်ကာလ ဖြစ်ပေါ် လာပြီး တပ်မတော်ကတာဝန်ယူခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၁၉ ရက် နေ့က လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်များကိုထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ကိုချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားရေးအရလုပ်ဆောင်ရမည့် အချက် (၁) ချက်နှင့် နိုင်ငံရေးအရလုပ်ဆောင်ရမည့်အချက် (၂) ချက်ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဖြစ်ကြောင်း၊ နိုင်ငံရေးအရဆောင်ရွက်ရမည့်လုပ်ငန်းစဉ် (၂) ခုမှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ပင်ဖြစ်ကြောင်း၊ အထက်ပါအချက် (၃) ချက်ကို ဒို့တာဝန်အရေးသုံးပါးကဲ့သို့ပင် ခံယူဆောင်ရွက် လျက်ရှိကြောင်း”ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ရေးအတွက် တပ်မတော်နှင့် ပြည်သူပူးပေါင်းဆောင်ရွက်ကြပါရန် ရေးသားလိုက်ရပေသည်။    ။