တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အဖျက်အမှောင့် လုပ်ရပ်များတွင် အသုံးပြုရန် အတွက် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံး

နေပြည်တော်  ဧပြီ  ၂၆

၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အဖျက်အမှောင့် လုပ်ရပ်များတွင် အသုံးပြုရန်အတွက်   လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ထားဝယ်မြို့၊ ရေဝိုင်းကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က  သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ   ကျော်မြင့်စိုး(၃၆)နှစ်(ဘ)ဦးဖေမြင့်သည် နေအိမ်အတွင်း၌ အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုရန် အတွက်  လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ၎င်း၌ ဝဲနံကြား ဖောက်ဝင်ဒဏ်ရာ၊   ယာတံတောင်၊ လက်ကောက်ဝတ်၊ လက်ဖျံတို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည်ကို တွေ့ရှိရပြီး ၎င်း၏အနီးတွင် တစ်မတ်လုံး ၃ ပေအရှည်ခန့်ရှိ သံပိုက် ၂ ချောင်း၊ ယမ်းထောင်းရာတွင် အသုံးပြုသည့် အရှည် ၃ ပေခွဲခန့်ရှိ သံချောင်း ၁ ချောင်း၊ လက်ပတ်နာရီကြိုးပြတ် ၁ လုံး၊ တူ ၁ ချောင်း၊ ၂ လက်မခွဲခန့် အုတ်ရိုက်သံ ၃ ချောင်း၊ သွပ်နန်းကြိုးအပိုင်းအစ ၆ ချောင်း၊ သွေးများဖြင့် ရောနှောနေသည့် ယမ်းမှုန့်များအား စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ   သေဆုံးမှုနှင့် ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေး ဖွင့်ကာ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။