တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားအဆာဟိရှင်ဘွန်း သတင်းစာ မှမေးမြန်းသည့် မေးခွန်းများနှင့်အဖြေများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားအဆာဟိရှင်ဘွန်း သတင်းစာ မှမေးမြန်းသည့် မေးခွန်းများနှင့်အဖြေများ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားဂျပန်နိုင်ငံ၊အဆာဟိရှင်ဘွန်း (Asahi Shimbun) သတင်းစာမှမေးမြန်းထားသည့်မေးခွန်းများနှင့် ဖြေကြားချက်များကို အောက်ပါ အတိုင်း ဖော်ပြလိုက်ရပါသည်-

မေး။     အထွေထွေရွေးကောက်ပွဲကို  နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပပါတော့မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့အခြေခံရပ်တည်ချက်ကဘာပါလဲ။ တပ်မတော်အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီ ကိုအပြည့်အဝထောက်ခံသွားမှာပါလားခင်ဗျား။

ဖြေ။     အခုလို ဒီမိုကရေစီအစိုးရကာလမှာတောင်မဟုတ်ဘဲ တပ်မတော်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်မှာတောင် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ခဲ့ပါ တယ်။ဆန္ဒမဲပေးမှုရာခိုင်နှုန်း ၇၂ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။  လက်ရှိကျင့်သုံးနေတဲ့   ပါတီစုံဒီမို ကရေစီစနစ်ကို တပ်မတော်က စတင်လမ်းခင်းပေးခဲ့တာပဲဖြစ်တယ်။  ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်ဟာရွေးကောက်ပွဲပဲဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်လို့ ကျွန်တော်မကြာခဏပြောပြီးဖြစ်တယ်။  တပ်မတော်အနေနဲ့ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ Free and Fair ဖြစ်အောင် လုပ်ဆောင် ပေးခဲ့ပါတယ်။     ၂၀၁၅ ခုနှစ်မှာလည်း  ဦးတင်အေး ဦးဆောင်တဲ့  ရွေးကောက်ပွဲ ကော်မရှင်က Free and Fair  ဖြစ်အောင် ကျင်းပပေးခဲ့ပါတယ်။ ဒါကြောင့်လည်း  ၂၀၁၆ ခုနှစ်မှာ အဲဒီတုန်းက အတိုက်အခံ ပါတီဖြစ်တဲ့ NLD ပါတီဟာ အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၆ ခုနှစ် မှာတက်လာတဲ့   ဒီအစိုးရအနေနဲ့   ဦးလှသိန်း ဦးဆောင်တဲ့ရွေးကောက်ပွဲကော်မရှင်ကို  ၂၀၁၆ ခုနှစ်၊ မတ်လမှာ  ဖွဲ့စည်းပေးခဲ့ပါတယ်။  ဒါကြောင့်  ပြင်ဆင်ချိန်များစွာရရှိ ခဲ့တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်ပါတယ်။   တပ်မတော်အနေနဲ့    နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံ/မထောက်ခံဆိုတာကတော့ ၎င်းတို့ပါတီတွေရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့  လုပ်ဆောင်ချက် တွေကိုပဲကြည့်ရပါမယ်။

တပ်မတော်အနေနဲ့ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလို့ဆိုတဲ့   ဒို့တာဝန်အရေးသုံးပါးကို  ကာကွယ်စောင့်ရှောက် လိုစိတ်ရှိတဲ့မည်သည့်ပါတီနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ဆန္ဒရှိပါတယ်။

မေး။     ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့  ပြည်ခိုင်ဖြိုး ပါတီ ကတောင်းဆိုပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့  သတ်မှတ်အချိန်အတိုင်းပဲ  ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဘယ်လို ထင်မြင်မိပါသလဲခင်ဗျာ။

ဖြေ။     COVID-19  ကမ္ဘာ့ကပ်ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ စတင် ဖြစ်ပွားခဲ့တယ်။  သြဂုတ်လအထိ   ဖြစ်ပွားမှုနှုန်းသိပ်မများပါဘူး။ သြဂုတ်လကုန် စက်တင်ဘာ လမှာတော့  ဖြစ်ပွားမှုနှုန်းတက်လာခဲ့တယ်။ ၂၀၂၀ ပြည့် နှစ်၊ သြဂုတ်လအထိ  COVID-19  ရောဂါ ဖြစ်ပွားမှုအနေနဲ့ ရောဂါဖြစ်ပွားသူ ၈၈၂ ဦး၊  ရောဂါပျောက်ကင်းသူ ၃၅၄ ဦး၊  သေဆုံးသူ ၆ ဦးတို့ရှိခဲ့ပြီး  Second Wave  ဖြစ်ပွား လာချိန်မှာတော့ ရောဂါကိုထိန်းချုပ်မရ တော့တဲ့   အခြေအနေ မျိုးဖြစ်ခဲ့ပါတယ်။

ကိုဗစ်ဟာ လူသားအားလုံးကို အန္တရာယ် ပေးပြီးခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပါတယ်။   ကမ္ဘာ့ကျန်းမာရေးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့မှထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊စည်းကမ်း တွေနဲ့၊   Social Distancing တွေကို လိုက်နာကြဖို့လိုအပ်ပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ လူတွေဟာ  သွား/လာ/နေထိုင်မှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား စတဲ့ဖွံ့ဖြိုးတဲ့ နိုင်ငံတွေ မှာလို ရောဂါကာကွယ်တားဆီးရေးနဲ့ပတ်သက်လို့  စိတ်ချရအောင်လုပ်ဆောင် နိုင်မှသာ အာမခံချက် ရှိနိုင်မယ်။ ကျွန်တော် တို့နိုင်ငံမှာရွေးကောက်ပွဲကို အစိုးရမဖွဲ့ခင်  ၃ လ ကြိုတင်လုပ်တယ်။  ရွေးကောက်ပွဲ ကော်မရှင်မှာအငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့၊ အနိုင်ရပါတီမှ အစိုးရဖွဲ့စည်းနိုင်ဖို့ လုပ် ဆောင်တာတွေဟာ ပြင်ဆင်ချိန်များရရှိဖို့ အတွက်ဖြစ်ပါတယ်။ ပြင်ဆင်ချိန်များစွာရှိပါ တယ်။ ဒါကို ရွေးကောက်ပွဲရဲ့အရန်အချိန် အဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ဒလုံလောက်တဲ့အချိန်ပါ။ ကျွန်တော်မြင်တာ ကတော့ ဒီကာလအတွင်းကအချိန်တစ်ခုကို Covid-19 ကာကွယ်ထိန်းချုပ်ရေး အတွက် ကြပ်ကြပ်မတ်မတ်လုပ်ရင် ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင် မယ်။ အဲဒီအချိန်ကျမှရွေးကောက်ပွဲလုပ်ရင်ရနိုင်တာပဲ။ ဥပမာအနေနဲ့ ရွေးကောက် ပွဲကို ဒီဇင်ဘာလ ထဲထိ ရွှေ့လို့ရနိုင်ပါတယ်။ လူ့အသက်ထက်အရေးကြီးတာမရှိပါဘူး။ အခုတော့ နိုဝင်ဘာ ၈ ရက်နေ့ မှာလုပ်မယ် လို့ ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ဒီအပေါ်မှာ ထပ်ပြီး ပြောစရာမရှိပါဘူး။

မေး။     လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးပါတီကို အသာစီး ရနေတယ်လို့    သတင်းတွေကဆိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ရှိအခြေအနေအပေါ် လူကြီးမင်း ဘယ်လိုများ သုံးသပ် ပါသလဲခင်ဗျာ။

ဖြေ။     ပြည်ခိုင်ဖြိုးပါတီသာမက ကျန်သည့်ပါတီများဖြစ်တဲ့ PPP ပါတီ၊ UBP ပါတီများလည်း ၎င်းတို့ ပါတီအလိုက်လုပ်ဆောင် နေကြတာတွေရှိတယ်။ ပါတီတစ်ခုနှင့် တစ်ခု အသာရခြင်း၊ မရခြင်းသည် ပြီးပြည့်စုံ သည့်ယူဆချက်မဟုတ်ပါ။ ပါတီများအားလုံး အတိုင်းအတာတစ်ခုအထိ အောင်မြင်မယ် လို့ ယူဆပါတယ်။

မေး။     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့  NLD အစိုးရရဲ့ ပြီးခဲ့တဲ့  ငါးနှစ်တာကာလကို ဘယ်လိုများသုံးသပ်ပါသလဲ။ NLD ရဲ့အဓိကအားသာချက်၊ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ ခင်ဗျာ။

ဖြေ။     NLD ပါတီအစိုးရအနေနဲ့ အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်နေပြီး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ကမ္ဘာကရော၊ မြန်မာပြည်သူများပါ မြင်နေတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

မေး။  လက်ရှိအခြေခံဥပဒေအရ လွှတ် တော်အသီးသီးမှာ    တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတာ ကြောင့်  ဒီမိုကရေစီနည်းလမ်းမကျတဲ့ အတွက် ပြင်ဆင်ဖို့လိုကြောင်း NLD က ပြောထားပါတယ်။ အဲဒီအပေါ် ဘယ်လိုများ ထင်မြင်ပါသလဲခင်ဗျာ။    ဒီနှစ်ထဲမှာပဲ  အခြေခံ ဥပဒေပြင်ဆင်ရေးလွှတ်တော်ထဲမှာ ကြိုးပမ်းမှုကို တပ်မတော်သားကိုယ်စားလှယ်တွေက ပယ်ချခဲ့ ပါတယ်။  ၂၅  ရာခိုင်နှုန်းပါဝင် နေမှုကိုပြင်ဆင်ဖို့အတွက် လိုအပ်ချက်က ဘာပါလဲခင်ဗျာ။

ဖြေ။     မြန်မာ့နိုင်ငံရေးစနစ်ဟာ လက်ရှိမှာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်း ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးကြာအောင် ဗဟိုဦးစီးနိုင်ငံရေး စနစ်နဲ့သွားခဲ့ပါတယ်။ နိုင်ငံတော်နဲ့ပြည်သူများ ပါတီစုံဒီမိုကရေစီစနစ်ကို အသားကျဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လုံခြုံရေးတည်ငြိမ်မှုများရှိဖို့လိုအပ်ပါတယ်။ လက်ရှိမှာ ဒီအချက်တွေ ပြည့်စုံ နေပြီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခန်း(၁)နဲ့ အခန်း(၈)အရ နိုင်ငံတော်က ပြည်သူတွေကို အာမခံချက် တွေပေးထားပြီးဖြစ်ပါတယ်။ ဒါကို အငြင်းပွားစရာမရှိသော်လည်း ဒီအပေါ်မှာအငြင်း ပွားနေတဲ့လူလည်းရှိနိုင်ပါတယ်။   အဲ့ဒီ အာမခံချက်တွေအပေါ်မှာ ပြည့်ပြည့်၀၀ ရရှိနိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့အတွက် တပ်မ တော်အနေနဲ့ လွှတ်တော်အတွင်းမှာ ၂၅ ရာခိုင်နှုန်းပါဝင် ထားတာဖြစ်တယ်။ ဒီလို ပါဝင်တဲ့အတွက်ကြောင့် ဥပဒေပြုရေးကို လည်း ထိခိုက်မှုမရှိပါဘူး။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းရဲ့ထောက်ခံချက်မလိုအပ်ဘဲ ပြဋ္ဌာန်းနိုင်တဲ့ဥပဒေတွေရှိပါတယ်။ ပြည်သူ့ အရေးရှေးရှုပြီး ဒါတွေကို ဘယ်လောက် လုပ်ခဲ့ကြပြီးပြီလဲ။ နိုင်ငံရေးအရ Mature မဖြစ် သေးခြင်း၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ငြိမ်းချမ်းရေးကိစ္စများရှိနေသေးတဲ့ အတွက် ၂၅ ရာခိုင်နှုန်း ပါဝင်နေရခြင်းဖြစ်တယ်။

မေး။     အကယ်၍ NLD သာ လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် လူထုက အခြေခံဥပဒေပြင်ဆင် ဖို့ ထောက်ခံတယ် လို့ဆိုနိုင်စရာရှိပါတယ်။ တပ်မတော်အနေနဲ့ လူထုဆန္ဒကို လိုက်လျောပြီး အခြေခံ ဥပဒေ ကို ပြင်ဆင်သွားဖို့ရှိမလားခင်ဗျာ။

ဖြေ။  အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခန်း(၁၂)မှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

မေး။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လက်ရှိအခြေအနေ တွေက ဘယ်လိုရှိပါသလဲခင်ဗျာ။ဆွေးနွေးညှိနှိုင်းမှုတွေရှေ့မတိုးနိုင်ဘဲဖြစ်နေတာကရော ဘာကြောင့် ပါလဲ။ တပ်မတော်ဘက်က အလျှော့မပေးတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှောင့်နှေး နေရ တာလို့ ပြောတာတွေလည်း ရှိပါတယ်။  လူကြီးမင်းအနေနဲ့  ဘယ်လိုထင်ပါသလဲခင်ဗျာ။

ဖြေ။  သမ္မတကြီး ဦးသိန်းစိန်အစိုးရလက် ထက်မှာ NCA  စာချုပ်ကို စတင်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ NCA ဟာ ငြိမ်းချမ်းရေးရဲ့ အသက်ပဲဖြစ်ပါတယ်။ ဒီစာချုပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ ကိုယ်တိုင်  ပါဝင်လက်မှတ်ရေးထိုးထားတာပဲဖြစ်ပါ  တယ်။ NCA ကို ခိုင်ခိုင်မာမာဖြစ်အောင်လုပ်ပြီး ဒီအပေါ်မှာအခြေပြုပြီး ထာဝရငြိမ်းချမ်းရေးကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်ပြီး တောင်းဆိုမှုဟာ မဖြစ်သင့်ပါ ဘူး၊ သဘောထားချင်းမတိုက်ဆိုင်တာရှိခဲ့ရင် အချင်းချင်းညှိနှိုင်းပြီးဆွေးနွေးအဖြေရှာ  ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

မေး။     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ် သက်လို့ တပ်မတော်နဲ့ NLD အကြားမှာ သဘောမတူ တာတွေ၊ အမြင်မတူတာတွေ ရှိပါသလား။ ရှိတယ်ဆိုရင် ပြဿနာက ဘာပါလဲခင်ဗျာ။

ဖြေ။     အထက်ကမေးခွန်းမှာဖြေထားပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ အခြေခံစဉ်းစားပြီး NLD  က ပြောခဲ့တာတွေကို ကြည့်ရင် သဘောထားအမြင် တူ၊ မတူ လေ့လာနိုင်ပါတယ်။

မေး။     ဂျပန်အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင် နေတာ ရှိပါတယ်။ ဂျပန်နိုင်ငံရဲ့အခန်းကဏ္ဍကို ဘယ်လိုသုံးသပ်ပါသလဲခင်ဗျာ။

ဖြေ။     ဗြိတိသျှကိုလိုနီဆီက လွတ်လပ်ရေးရရှိဖို့ ဂျပန်ကကူညီပေးခဲ့ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန် ကိုလိုနီ တွေထားခဲ့တဲ့အမွေဆိုးတွေကြောင့် လက်နက်ကိုင်ပဋိပက္ခ တွေရှိခဲ့ပါ တယ်။  ဂျပန်နိုင်ငံအနေနဲ့ကတော့ ဒုတိယကမ္ဘာစစ်ကြီး အပြီးနိုင်ငံတော်ပြန်လည်ထူထောင်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံရေးစနစ်ကိုလည်း စစ်ပြီးခေတ်မှာ ဒီမိုကရေစီစနစ်နဲ့ သွားနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာတော့ လွတ်လပ်ရေးရပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်  ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။    လက်ရှိ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့သွားနေတယ်။ နိုင်ငံတိုင်းဟာမတူညီနိုင်ပါဘူး။ ကျွန်တော် တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင် ရွက်နေတာတွေ ရှိပါတယ်။ ဒါဟာ ဂျပန် နိုင်ငံရဲ့ဒီမိုကရေစီစနစ်မှာ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာတွေရှိရင် လက်တွဲလို့ရအောင် ပူးပေါင်း ဆောင်ရွက်ပေးနေတာလို့ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ သင့်လျော်ကောင်းမွန်တဲ့ဟာကို အမြဲလုပ်ဆောင်သွား မှာပဲဖြစ်ပါတယ်။

မေး။     မွတ်စလင်အရေးနဲ့ပတ်သက်လို့  နိုင်ငံတကာအသိုင်းအဝိုင်းက လူကြီးမင်းနဲ့တပ်မတော် အပေါ် ပြင်းပြင်းထန်ထန်ဝေဖန် နေကြပါတယ်။ ICC ကလည်း လူကြီးမင်း နဲ့အရာရှိကြီးတချို့ကို တရားစွဲဖို့ပြင်ဆင် နေတာရှိပါတယ်။ ICJ မှာလည်း လက်ရှိတရားရင်ဆိုင်နေရပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းရဲ့  အမြင်နဲ့ပတ်သက်လို့  လူကြီးမင်းဘယ်လိုထင်ပါသလဲခင်ဗျာ။

ဖြေ။     ဒီအချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာပဲဖြစ်ပါတယ်။ ပကတိအခြေအနေ ကတော့ ရိုးရှင်း ပါတယ်။ မြန်မာနိုင်ငံမှာ ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ  တိုင်းရင်းသား ၁၃၅ မျိုးသာရှိပါတယ်။ အဲ့ဒီအထဲမှာ ဘင်္ဂါလီလူမျိုး၊ရိုဟင်ဂျာလူမျိုးဆိုတာမပါဝင်ပါဘူး။ ရိုဟင်ဂျာလူမျိုးဆိုတာစိတ်ကူးယဉ် ပုံဖော်ထားတာဖြစ်ပြီး ဘင်္ဂါလီကနေကွဲပြားခြားနားအောင် လုပ်ဆောင်ထားတာပဲဖြစ်တယ်။ နိုင်ငံတကာကျင့်ထုံးအရ သူတို့ မြန်မာနိုင်ငံထဲဝင်နေတာကို ကန့်ကွက်ဖို့မရှိပါဘူး။ ကမ္ဘာ့နိုင်ငံ တိုင်းမှာ နိုင်ငံသားဖြစ်မှု/ မဖြစ်မှု၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်း သားအခွင့်အရေးဆိုတာတွေဟာ သက်ဆိုင် ရာနိုင်ငံရဲ့ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ အတိုင်းသာ ဆောင်ရွက်ရတာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း  တည်ဆဲဥပဒေများအရ လုပ်ဆောင်လျက်ရှိ ပြီး နိုင်ငံတကာ ကဝင်ရောက်စွက်ဖက်တာကိုလက်မခံနိုင်ပါဘူး။ ဂျပန်နိုင်ငံဆိုလျှင်လည်း လက်ခံနိုင်မှာမဟုတ် ပါဘူး။“မျက်နှာကြီးရာ ဟင်းဖတ်ပါ” ဆိုသလိုပဲ ဖွံ့ဖြိုးဆဲနိုင်ငံငယ် တစ်ခုဖြစ်တော့ လူအား၊ ငွေအား၊ ပစ္စည်း အားများနဲ့ ဖိအားပေးနေတယ်လို့ပဲယူဆပါတယ်။

မေး။ မြန်မာအစိုးရက အကယ်၍ တပ်မတော်သားတွေအနေနဲ့ ချိုးဖောက်မှုတွေရှိခဲ့ရင် နိုင်ငံ့ဥပဒေအတိုင်းပဲ အရေးယူဖြေရှင်း သွားမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ကတော့    ယခင်ပြစ်မှုနဲ့ အရေးယူခံခဲ့ရသူတွေဟာ အချိန်တိုအတွင်း ပြန်လွတ်လာတာကို ဥပမာ ပေးပြီး မြန်မာ အစိုးရအနေနဲ့ အရေးယူဖြေရှင်းနိုင်မယ် ဆိုတဲ့အပေါ် သံသယရှိနေပါတယ်။ အဲဒီ အပေါ် လူကြီးမင်းအနေနဲ့ ဘယ်လိုထင်မြင်ပါသလဲခင်ဗျာ။

ဖြေ။ တပ်မတော်အနေနဲ့   နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေ တာဖြစ်တယ်။ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကိုကြည့်မယ်ဆိုရင်လည်း တပ်မတော်သားတွေအနေနဲ့လုပ်ဆောင်ခဲ့တဲ့ ရည်ရွယ်ချက်(Intention)တွေကို ကြည့်ရမှာပဲဖြစ်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံကိုချစ်တဲ့စိတ် ရှိကြ တာပါပဲ။

အဲဒီတော့ အဲဒီစိတ်ဓာတ်၊ ကာကွယ်ရေး စိတ်ဓာတ်တွေကို ထိခိုက်စေမယ့်အရာတွေ ကိုတော့ ဥပဒေဘောင်အတွင်းက ချင့်ချိန် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ သားမဟုတ်တဲ့ ဘင်္ဂါလီ တွေနဲ့ ARSA အကြမ်းဖက်တွေဟာ မြန်မာနိုင်ငံတိုင်းရင်း သားတွေကို မိမိနိုင်ငံအတွင်းမှာပဲ ကျူးကျော် တိုက်ခိုက်သတ်ဖြတ်နေတာ၊ ခြိမ်းခြောက်နေတာတွေဟာ နယ်မြေကျူးကျော်စစ်အသွင် နဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်းတိုက်ခိုက်လာခြင်း ပဲဖြစ်ပါ တယ်။    ဘင်္ဂါလီကျူးကျော်မှု၊ ခြိမ်းခြောက်ခံနေရမှုတွေဟာ တိုင်းရင်းသား လက်နက်ကိုင်များလို ငြိမ်းချမ်းရေးစားပွဲ ထိုင်ပြီး ဖြေရှင်းရမယ့်ကိစ္စမဟုတ်ပါဘူး။

အမေရိကန်တပ်မတော်ဆိုလျှင်လည်း ဗီယက်နမ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲတွေအတွင်းမှာ ၎င်းတို့ရဲ့ တချို့စစ်သည်တွေအနေနဲ့လုပ်ဆောင်ခဲ့တာတွေကို    ခွင့်လွှတ်ပေးထားတာကိုဘယ်လိုပြောမလဲ။ ကျွန်တော်တို့တပ်မတော် မှာလည်း အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှု ဆောင်ရွက်စဉ်အတွင်း အရပ်သားအပေါ် ပြစ်ဒဏ်ကျူးလွန်သည့်  အရာရှိ၊  စစ်သည်တွေကို ဥပဒေအရ ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်။

မေး။     ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ NLD အစိုးရရဲ့ရပ်တည်ချက်ကို ဘယ်လို ထင်ပါသလဲ။ တပ်မတော်နဲ့ခြားနားချက်။ ပဋိပက္ခဖြစ်တာမျိုးရှိပါသလားခင်ဗျာ။

ဖြေ။ NLDပါတီအနေနဲ့ သူတို့ရဲ့နိုင်ငံရေး ပုံရိပ်မထိခိုက်အောင် လိမ္မာပါးနပ်စွာဆောင် ရွက်နေတယ် လို့ယူဆရပါတယ်။  အဓိကကတော့ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ စည်းလုံးမှုမပျက်ပြားစေဖို့ပဲ ဖြစ်တယ်။ တပ်မတော်အနေနဲ့အမျိုးသားရေး စရိုက်လက္ခဏာကိုမထိခိုက်စေဘဲ ဒို့တာဝန် အရေးသုံးပါးကို အလေးထားပြီး ကာကွယ်စောင့်ရှောက်လျက် ရှိပါတယ်။

မေး။ ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ရေးအပါအဝင် ရခိုင် ပြည်နယ် အရေးကိစ္စကို ဖြေရှင်းဖို့အတွက် အဓိကကျတဲ့အချက်ကဘာပါလဲခင်ဗျာ။

ဖြေ။ မြန်မာနိုင်ငံမှာ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေရှိပြီး ဒီဥပဒေနဲ့အကျုံးဝင်သူများကို နိုင်ငံသား အဖြစ် ခံစားခွင့်များပေးထားပါတယ်။ ဒီကိစ္စမှာလည်း တည်ဆဲဥပဒေများနဲ့အညီသာ ဆောင်ရွက် ရမှာဖြစ်ပါတယ်။  ရခိုင်ပြည်နယ်  ဘူးသီးတောင်၊မောင်တောဒေသမှာ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ဒီပဋိပက္ခတွေဟာ အစွန်းရောက် ဘင်္ဂါလီတွေ၊ ARSA အကြမ်းဖက်သမားတွေက   စတင်ခဲ့တာပဲဖြစ်တယ်။    ဒုက္ခရောက်ရတာ ဘင်္ဂါလီတွေတင်မကဘူး။ အဲဒီဒေသမှာရှိတဲ့လူနည်းစု ရခိုင်၊ မြို၊ ခမီ၊ သက် စတဲ့တိုင်းရင်းသားတွေ အသတ်ခံရတယ်။ ရွာလုံးကျွတ်ထွက်ပြေးရတယ်။ လူမျိုးတူပြီး ဘာသာမတူတဲ့ဟိန္ဒူ(ဘင်္ဂါလီ)တွေပါ အသတ်ခံ ရတယ်။ ပဋိပက္ခဖြစ်ကြတော့ ဘင်္ဂါလီတွေဘယ်ကိုထွက်သွားကြသလဲ။ စစ်တွေဘက်ထွက်ခွာ သွားတဲ့သူရှိသလို  အများစုက ဘင်္ဂလားဒေ့ရှ်ထဲထွက်သွားကြတယ်။ သူတို့ကို ကာကွယ်ပေးမယ့် လူတွေ၊ သူတို့နဲ့မျိုးနွယ်တူတဲ့လူများရှိရာနေရာကို  ထွက်သွားတာပဲဖြစ်ပါတယ်။ ကျွန်တော် တို့ဘက်မှလည်း ထွက်ပြေးလာတဲ့သူတွေကို  ကာကွယ်ပေးထားကာ ဒုက္ခသည်စခန်းတွေ ဆောက်လုပ်ပေးထားပြီး နေခွင့်ပေးထား ပါတယ်။    လက်မခံပါဘူးလို့မပြောခဲ့ဘဲ  နှစ်နိုင်ငံချင်း    ဆွေးနွေးလျက်ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေ တာတွေရှိတယ်။ တစ်ဖက်သတ်အမြင်နဲ့  မမြင်စေချင် ပါဘူး။

အနာဂတ်တွင်လုပ်ဆောင်မည့် အရေးကိစ္စများဆိုင်ရာမေးခွန်း

မေး။     လူကြီးမင်းအနေနဲ့ လာမယ့်နှစ်မှာ  အနားယူမယ်ဆိုတဲ့သတင်းအချို့တွေ့ပါတယ်။ အမှန် တကယ်အနားယူမယ့်အချိန်က ဘယ်တော့လဲခင်ဗျာ။ အနားယူပြီးတဲ့အခါ လူကြီးမင်းရဲ့ နိုင်ငံရေး ရည်မှန်းချက်က ဘာပါလဲခင်ဗျာ။

ဖြေ။ တပ်မတော်သားတစ်ယောက်အနေနဲ့သော်လည်းကောင်း၊ ကျွန်တော့်အနေနဲ့သော်လည်း ကောင် ဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့ အကြုံများကို နိုင်ငံတော်နဲ့ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းပေးသွားပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ် ထားတဲ့ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင် သွားမှာဖြစ်ပါတယ်။   ။