တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) သူရတပ်ခွဲ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ- ၉    

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၄) သူရတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဗထူးတပ်မြို့ရှိ အဆိုပါဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

 အခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေ စည်သူ စိုးဝင်း၏ဇနီးဒေါ်သန်းသန်းနွယ်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင် အောင်ဇော်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ၊ ဗထူးတပ်နယ်နှင့် ကလော တပ်နယ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ များ၊  သင်တန်း ဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေ စည်သူ စိုးဝင်း သည် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ ပြီး ဗိုလ်လောင်း တပ်ခွဲများကိုစစ်ဆေးသည်။ ထို့နောက်ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုခြင်းကိုခံယူသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ  စိုးဝင်း က အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇ ဗိုလ်လောင်း ဟန်ဇော်ဝင်း အား ငွေဓားဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း က သင်တန်း ဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော် (ကြည်း)တွင် အရည်အချင်း ပြည့်ဝသည့် အရာရှိများ ပေါ်ထွန်းလာစေရန်နှင့် ခြေလျင် တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ အခြေခံ စစ်ပညာများ၊ ခေါင်းဆောင်မှုနှင့် ကွပ်ကဲမှုပညာရပ်များ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာ ပညာရပ်များကို သိရှိနားလည်စေရန် သင်ကြားလေ့ကျင့်ပေးလိုက်ပြီး ဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် တပ်ရင်း၊တပ်ဖွဲ့ အသီးသီးတွင် တာဝန်ထမ်း ဆောင်ရ မည့် ရဲဘော်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား)သိသင့်သိထိုက်တာများ၊ မှာကြားရန်လိုအပ်သည်များကို အလေးအနက်ထားမှာကြား သွားမည် ဖြစ်ကြောင်း။

        တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ရဲဘော် တို့သည် တပ်မတော်၏ အတိတ်သမိုင်းကြောင်းနှင့် အစဉ်အလာများကို သိရှိထားရန် လိုအပ်ကြောင်း၊ တပ်မတော်ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)အဖြစ် စတင်သန္ဓေတည် ဖွဲ့ စည်းခဲ့ကြောင်း၊ ၎င်းမှ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသား တပ်မ တော်(BNA)နှင့် မျိုးချစ်ဗမာ့တပ်မတော်(PBF)အဖြစ် အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့ ပြီး ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုနှင့် ခိုင်မာသည့် အမျိုးသားရေး အင်အားစုကြီးအဖြစ် မြန်မာ့တပ်မတော် သမိုင်း စတင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

 တပ်မတော်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက်နှင့်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ကြောင်း၊ နိုင်ငံတော်၏ပြည်တွင်း၊  ပြည်ပအန္တရာယ် အမျိုးမျိုးကိုလည်း တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီး အောင်မြင်စွာ ကာကွယ်ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ကို အခြေခံပြီး တိုင်းရင်းသားပြည်သူကြားက ပေါက်ဖွားလာခဲ့သည့် တပ်မတော်၏ မွန်မြတ်သော အတိတ်သမိုင်းကြောင်းများကိုသိရှိထားပြီး ကောင်းမွန် သည့် အစဉ်အလာ များကိုလည်း လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်း သွားကြရန်မှာကြား လိုကြောင်း။

        သင်တန်းကာလ ၉ လတာအတွင်း သင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှုပညာနှင့်အုပ်ချုပ်မှုပညာရပ်များသည်အခြေခံမျှသာဖြစ်ကြောင်း၊ လက်တွေ့ နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့် စစ်မြေပြင် အခြေ အနေနှင့် ရင်ဆိုင်ရမည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် အတွက် သီအိုရီ၊ လက်တွေ့နှင့် အတွေ့အကြုံ ဗဟုသုတများ ပေါင်းစပ်ပြီး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိနှင့် မိမိဉီးဆောင်ရမည့် တပ်ဖွဲ့ကို အရည်အသွေး တိုးတက် လာအောင် ခေတ်နှင့် အညီ ပြောင်းလဲ တိုးတက်နေသည့် စစ်နည်း ဗျူဟာနှင့် လက်နက် နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာ နေရန်လိုအပ် ကြောင်း၊ ထို့ပြင် သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာများကိုလည်း ကျွမ်းကျင် မှုရှိအောင် လေ့ကျင့် နေကြရ မည်ဖြစ်ကြောင်း။ ထိုသို့ လေ့ကျင့်ထားသည့် စစ် အတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင် လိုက်နာ ကျင့်သုံးပြီး ပေးအပ်သည့် တာဝန် ကို အောင်မြင်စွာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ။

တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ်တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သောကြောင့်  ခေါင်းဆောင်မှုအရည်အချင်းနှင့် ပြည့်စုံရန်လည်း လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ပါရမီသက်သက် မဟုတ်ဘဲ နည်းနိဿယကောင်းများကို  ကြိုးစား လေ့လာကျင့်သုံးခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်သည့် ပညာရပ်တစ်ခုပင် ဖြစ် ကြောင်း၊ ပေးအပ်သည့် ရည်မှန်းချက် တာဝန်ကို အောင်မြင်ပြီးမြောက်သည်အထိ လက်အောက်ငယ်သားများကို စည်းရုံးလုပ်ဆောင်နိုင်သော အရည်အချင်း ဖြစ် ကြောင်း၊  ခေါင်းဆောင်မှုနှင့် ပတ်သက်၍ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂) သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က “ခေါင်းဆောင်မှု ဆိုတာ ပါရမီ သက်သက်မဟုတ်ဘဲ လိုက်နာ ကျင့်သုံးအားထုတ်မှသာ အောင်မြင်မှုရရှိနိုင် မှာဖြစ် တယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ စကားဟာ ငယ်သားများ အတွက် မှာကြားချက် ဖြစ်စေနိုင်တာကြောင့် လုပ်ဆောင်မှုတိုင်းမှာ တိကျပြတ်သားမှုနဲ့ တရား မျှတမှု ရှိဖို့လိုတယ်။ လက်အောက်ကို ကွပ်ကဲရာမှာ လူ့သဘောသဘာဝကို နားလည်ပြီး အခက်အခဲ အကျပ်အတည်း နဲ့ကြုံလာချိန်မှာ မှတ်ကျောက်တင် လောက်တဲ့ ခေါင်းဆောင်မှုအရည်အသွေးကို ပြဖို့ လိုအပ်တယ်”လို့မှာကြားခဲ့ကြောင်း ၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစား လေ့ကျင့်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လက်အောက်ကိုလည်း မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် ခေါင်းဆောင်မှု အရည် အသွေး ရှိရန်လိုအပ်ကြောင်း။

  မှန်ကန်သည့်ခေါင်းဆောင်မှု ပေးနိုင်ရန်အတွက် ကိုယ်တိုင် တော်တည့်ဖြောင့်မတ် ပြီး ကိုယ်ကျင့်တရားမြင့်မားရန်လိုအပ်ကြောင်း၊ လက်အောက်ငယ်သားများအပေါ် ကျောသား၊ ရင်သားမခွဲခြားဘဲ မျှတသည့်စိတ်ထား၊ မှန်ကန်သောသဘောထား၊ ရဲရင့် ပြတ်သား သည့်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်သွားကြရမည်၊ စစ်ဘက် ခေါင်းဆောင် တစ်ယောက် အနေဖြင့် စစ်မှုရေးရာကိစ္စများကို နှံ့နှံ့စပ်စပ် လေ့လာသိရှိ နေမှသာ လက်အောက် စစ်သည်များ၏ အထင်ကြီးလေးစား၊ ယုံကြည်အားကိုးမှုများကိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်တွင် ရာထူးအဆင့်ဆင့်ကို တာဝန် ယူကြရမည့်  ရဲဘော်တို့သည် လက်အောက်နှင့်ပတ်သက်လျင်မှန်ကန်သည့် ခေါင်းဆောင်ကောင်း ဖြစ်ရန် လိုသကဲ့သို့ အထက်အကြီးအကဲနှင့် ပတ်သက်လျင် မှန်ကန်သော နောက် လိုက်ကောင်းလည်း ဖြစ်ရန်လိုကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်နိုင်သည့် အတွက် တပ်မတော်၏ ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ချက်နှင့် အညီ ပြုမူကျင့်ကြံပြီး ကြိုးစားသွားကြရန်မှာကြားလိုကြောင်း။

        တပ်မတော်သည် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ စနစ်တကျဖွဲ့စည်းထား သည့် တပ်မတော်တစ်ရပ်ဖြစ်ပြီး စစ်စည်းကမ်းသည်လည်း တပ်မတော်၏ ကျောရိုး မဏ္ဍိုင်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်သည့်နေရာတွင် သတ်မှတ်စည်းကမ်းနှင့် အမိန့် များကို တိတိကျကျလိုက်နာရန်လိုအပ်ကြောင်း၊  စည်းကမ်းတွင် လုပ်သင့် လုပ်ထိုက် တာလုပ်ရန်အတွက် တိုက်တွန်းသည့် တိုက်တွန်းချက်စည်းကမ်းနှင့် မလုပ် သင့်မလုပ် ထိုက်တာများကို မလုပ်ရန် တားမြစ်သည့် တားမြစ်ချက်စည်းကမ်းဆိုပြီး နှစ်မျိုးရှိ ကြောင်း၊စည်းကမ်းရှိခြင်းသည် စိတ်ဓာတ်ကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု ကို မွေးဖွား ပေးနိုင်ကြောင်း၊ စည်းကမ်းရှိပါမှ တပ်မတော်အင်အား ခိုင်မာမည်၊ စွမ်းဆောင် ရည် ထက်မြက်မြင့်မားမည်၊ တိုင်းရင်းသား ပြည်သူတို့၏ ယုံကြည်ကိုးစား ခြင်းကို ပိုမိုရရှိ စေမည် ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးအနေဖြင့် တပ်မတော် အက်ဉပဒေများ၊ နည်းဉပဒေများနှင့် စစ်စည်းကမ်းဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက် များအပြင် တပ်မတော် သားတိုင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော် ကျင့်ဝတ် အပါး(၆၀)  အပါအဝင် နယ်ဘက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းဉပဒေများကိုလည်း တိတိကျကျ လေးစား လိုက်နာကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက် ရေးတာဝန် ထမ်းဆောင်ရာတွင်လည်းကောင်း၊ စစ်ရေးဆိုင်ရာ ရည်မှန်းချက် ကိုရရှိရန် ဆောင်ရွက်ရာတွင်လည်းကောင်း လိုက်နာဆောင်ရွက်ရ မည့်အခြေအနေ၊ ကန့်သတ် ချက်များနှင့် ပတ်သက်၍ လမ်းညွှန်ချက်ဖြစ်သော ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement- ROE)နှင့် စစ်ပွဲဆိုင်ရာ ဉပဒေများကိုလည်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ငယ် များဖြစ်ကြ မည့် ရဲဘော်တို့အနေဖြင့် ပြဋ္ဌာန်းထားသော စစ်ဘက်နယ်ဘက် ဉပဒေများကို သိရှိအောင် လေ့လာပြီး မိမိကိုယ်တိုင် စံနမူနာပြ လိုက်နာကျင့်သုံးကာ လက်အောက် ငယ်သားများ ကိုလည်း လိုက်နာတတ်စေရန် သင်ကြား လေ့ကျင့်ပေးရန်လိုအပ်ကြောင်း အလေးအနက် ထား မှာကြားလိုကြောင်း။

အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ရဲဘော်တို့အနေဖြင့် စည်းကမ်း အရာမှာ စံနမူနာပြဖြစ်ရန် လိုအပ်သလို စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရား ကောင်းမွန် ရန်လည်းလိုအပ်ကြောင်း၊ မိမိတို့ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ကြိုးစားအားထုတ်မှုများအပြင် မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ရန်လည်း လိုအပ်မှာ ဖြစ် ကြောင်း၊ မိမိဘဝ တိုးတက်အောင်မြင်ရေးကို ထိခိုက်စေမည့် အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်ရန်လိုအပ်သည့်အပြင် ကိုယ်ကျင့်တရား ကောင်းမွန်စေ ရန်အတွက် ဘာသာရေး၊ လူမူရေး အဆုံးအမများနှင့်အညီ ကျင့်ကြံ နေထိုင်ကြရမည် ဖြစ်ကြောင်း၊ သို့မှလည်း လက်အောက်၏ ယုံကြည်လေးစားမှုကို ရရှိမှာဖြစ်ကြောင်း၊ ထို့ပြင် မိမိထမ်းဆောင်ရမည့်တာဝန်များကို တန်ဖိုးထားပြီး ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် မိမိ ဂုဏ်ကိုလည်း ထိန်းသိမ်းတတ်ရမည်၊ သူတစ်ပါး အပေါ် မှန်ကန်သည့် ကိုယ်ချင်းစာစိတ်မွေးပြီး လေးစားတန်ဖိုးထားရမည်၊ ခြိုးခြံ ချွေတာစိတ်ရှိပြီး လိုချင် တပ်မက်မှု နည်းရမည်၊ အပျော်အပါးအသောက်အစားကင်းစွာ နှင့် လက်တွေ့ တန်ဖိုးရှိရှိ နေထိုင်ရမည်၊ မိမိဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲ တတ်ရမည်၊ စုဆောင်း တတ်သည့် အလေ့အကျင့်ကို မွေးမြူရမည်၊ အသုံးနှင့် အဖြုန်းကိုသိပြီး သွားသင့် သွားထိုက်သည့်နေရာ၊ ပျော်သင့် ပျော်ထိုက်သည့်နေရာတွင် စည်းနှင့်ကမ်းနှင့် လုပ်ပြီး မိမိ ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိဂုဏ်ကို မြှင့်တင်ရန် လိုအပ်ကြောင်း မှာကြားလိုကြောင်း၊

တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ကြီး ၃ ရပ် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန် ဟူသည့်အချက်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာတွင် ကျန်းမာကြံ့ခိုင်နေရန်အထူးလိုအပ်ကြောင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင် ရေးကောင်းရန် တစ်ဦးချင်း ဆောင်ရွက်ရသည့်  ကိုယ်လက်ကြံ့ခိုင်ရေး ကစပြီး အဖွဲ့လိုက်ဆောင်ရွက်ရသော လေ့ကျင့်ခန်းများကိုလည်း သတ်မှတ်ထားသည့် ရည်မှန်း ချက်အတိုင်း လေ့ကျင့်ဆောင်ရွက်နေရန် လိုအပ်ကြောင်း၊ ထို့ပြင် ကျန်းမာ ရေးကို ထိခိုက်စေမည့် အပြုအမူ၊ အနေအထိုင်ကအစ ဆေးလိပ်၊ ကွမ်း၊ အရက် သေစာနှင့် မူးယစ်ဆေးဝါးများသုံးစွဲခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန် အလေး အနက် ထားမှာ ကြားလိုကြောင်း၊ ခေါင်းဆောင်ငယ်များဖြစ်သည့် ရဲဘော်တို့ ကိုယ်တိုင် ကျန်းမာ ကြံ့ခိုင်သကဲ့သို့ လက်အောက်မှ စစ်သည်များကိုလည်း ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ် ခိုင်မာအောင် အစဉ်လေ့ကျင့်ပေးနေရန်  လိုအပ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဖြစ်စေသည့် သုတ၊ ရသ စာပေ များအပြင် မိမိတို့နိုင်ငံ၏ ထင်ရှားသည့် သမိုင်းဝင် တိုက်ပွဲများနှင့် မြန်မာနှင့် ကမ္ဘာကထင်ရှားသော စစ် ခေါင်းဆောင်များ အကြောင်းများ ပါသည့် စာအုပ်၊ စာပေများကို ရှာဖွေဖတ်ရှုရန် လိုအပ်မည် ဖြစ်ကြောင်း၊ ၎င်းမှ အားကျစရာများ၊ အတုယူစရာများ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် အတွေးအခေါ်နှင့် အယူအဆများကို မြင့်မားစေ သည့်အပြင် ကိုယ်ကျင့်တရားနှင့် အသိပညာကောင်းမွန်မှုများကို ရရှိစေနိုင်မည် ဖြစ်ကြောင်း။

 တာဝန်ကျရာ တပ်တွေကို ရောက်ရှိပြီး စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရာ တွင် သိလေးသိ၊ ငိုက်လေးငိုက်၊ လက်ဦးမှုလေးရပ်ဆိုတာကို သိရှိလိုက်နာ ဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ပြီး လက်အောက်ကိုလည်း သင်ကြားပေးရမည် ဖြစ် ကြောင်း၊ ထိုသို့ သိရှိပြီး တိတိကျကျလိုက်နာမှသာလျင် စစ်ဆင်ရေးအောင်မြင်မှုများ ရရှိမည်ဖြစ် ကြောင်း။ ထို့အပြင် လုံလေးလုံကိုလည်း အလေးထား လိုက်နာရန် လိုအပ်ကြောင်း၊ ယနေ့ခေတ်သည် သတင်းအချက်အလက်နည်းပညာ (IT)ခေတ် ဖြစ် သဖြင့် လူတိုင်းနီးပါး အင်တာနက်သုံးစွဲနေပြီး မလိုလားအပ်သည့်လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ် သတင်းပေါက်ကြားမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် မိမိအပါအဝင် မိမိတို့ကွပ်ကဲအုပ်ချုပ်ရမည့် တပ်ဖွဲ့ဝင် စစ်သည်များ နှင့် မှီခိုသူမိသားစုဝင်များကို Social Media Network အသုံးပြုမှုနှင့် ပတ်သက်ပြီး တပ်မတော်၏ လျှို့ဝှက်အပ်သည့် သတင်းအချက်အလက်များ ပေါက်ကြားမှု၊ မလိုလား အပ်သည့် လုံခြုံရေးကျိုးပေါက်မှုများ မရှိစေရေး ထုတ်ပြန် ထားသည့် စည်းကမ်းချက် များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို တိကျစွာ လိုက်နာစေရေးအတွက် လက်အောက်ကို အသိပညာပေးစည်းရုံး ဆောင်ရွက်ကြရန် အထူးအလေးထား မှာကြား လိုကြောင်း။     

        တာဝန်ကျရာ တပ်အသီးသီးကို ရောက်ရှိပြီး လုပ်ငန်းတာဝန်များကို အောင်မြင် စွာဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံး ရေး စွမ်းရည်ဟူသည့် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရန်လည်း လိုအပ်ကြောင်း။

 စစ်ရေးစွမ်းရည်ထက်မြက်ရန် စစ်အတတ်ပညာများကို အမြဲတမ်းလေ့လာပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး စနစ်တကျစီမံခန့်ခွဲခြင်း၊ ဆင့်ကဲ ကွပ်ကဲ ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်းရုံးရေး စွမ်းရည်ထက်မြက်ရန် တပ်တွင်း၊ တပ်ပြင်  စည်းရုံးရေးကို ခိုင်မာစွာ တည်ဆောက်သွားရမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည် ထက်မြက်စေရန် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ရုံး

လုပ်ငန်းများကို အချိတ်အဆက်မိမိ စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း၊ ဆင့်ကဲဆင့်ကဲ ကြပ်မတ်နိုင်ခြင်းတို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

        ထိုသို့ စွမ်းရည်သုံးရပ် ထက်မြက်မြင့်မားစေရန်အတွက် လေ့ကျင့်ရေး နှင့် တည်ဆောက်၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်၊ သက်သာချောင်ချိရေးနှင့်တည်ဆောက်၊ စိတ်ဓာတ်နှင့်တည်ဆောက်ဟူသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ မှန်ကန်စွာ တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ စစ်ပွဲဆိုသည်မှာ ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ လက်နက်စွမ်းအား အစွမ်းကုန် အသုံးပြုယှဉ်ပြိုင်ရသည့်အတွက် စစ်ဆင်ရေးရလဒ်သည် လေ့ကျင့်ရေးအပေါ်တွင် မူတည်နေခြင်းဖြစ်ကြောင်း၊ လေ့ကျင့် မှုကောင်းခြင်းဖြင့် ယုံကြည်မှုကို ဖြစ်ပေါ်စေပြီး တိုက်ပွဲတိုင်းကို အောင်မြင် စေမည် ဖြစ်ကြောင်း၊ထို့အပြင် အုပ်ချုပ်မှုညီညွတ်မျှတမှလည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာလုပ်ငန်းများ အဆင်ပြေစေရုံသာမက အမှုအခင်းများ လျော့နည်း ပြီး တပ်တွင်း စည်းလုံးညီညွတ်ရေးကို ခိုင်မာစေမည် ဖြစ်ကြောင်း။

သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှသာလျင် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှုနှင့်အတူတပ်နေပျော်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ စိတ်ဓာတ် ကောင်းမွန်မှု စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်မှုရှိခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိ ခြင်းနှင့် စွန့်လွှတ်စွန့်စားလိုစိတ်တို့ကို မွေးမြူနိုင်ပြီး ရန်သူနှင့် ရင်ဆိုင်ရာတွင် တပ်မတော် ၏အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်များနှင့် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်သွားနိုင်မည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကြီးအဖြစ် ရည်မှန်းတည်ဆောက်သည့်နေရာတွင် တပ်မတော်အနေဖြင့် ပါတီစုံ ဒီမို ကရေစီလမ်းကြောင်းမှ သွေဖည်မသွား စေရေးအတွက် တည့်မတ်ထိန်းကျောင်းမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ထမ်းဆောင်လျက်ရှိကြောင်း၊လက်ရှိ နိုင်ငံတော် တွင် ဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများသည် တပ်မတော်မှ အာဏာ သိမ်းယူခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုများအပေါ် တာဝန်ရှိသူ အဆင့်ဆင့်က ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးခြင်းမရှိဘဲ အစိုးရသစ် တစ်ရပ် ဖွဲ့စည်း နိုင်ရေးကိုသာ အဓမ္မနည်းလမ်းသုံး၍ ကြိုးပမ်းလုပ်ဆောင်မှုများ ကြောင့် တပ်မတော်မှ နိုင်ငံတော် အာဏာအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဉပဒေအရ မလွှဲမရှောင်သာ ထိန်းသိမ်း လိုက်ခြင်းသာဖြစ်ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့ သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မဲပေး ပိုင်ခွင့်ရှိသူ ၃၉.၂ သန်းရှိခဲ့ကြောင်း၊ မဲစာရင်းများ ကို တပ်မတော်က စိစစ်ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀.၄ သန်း ကျော်၊ မဲပေးပိုင်ခွင့်ရှိသူ၏ ၂၅ ရာခိုင်နှုန်းကျော်ခန့်ရှိခဲ့သည်ကို အငြင်းပွားဖွယ်တွေ့ရှိခဲ့ရကြောင်း။

        ထို့ကြောင့် တပ်မတော်အနေဖြင့်မဲစာရင်းနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ကိစ္စရပ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နှင့် NLD  ဦးဆောင်တဲ့ အစိုးရတို့ထံ ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုပြီး တတိယအကြိမ် လွှတ်တော်အသစ်ခေါ်ယူခြင်းနှင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရေးကိုသာ ဦးတည်လုပ်ဆောင်လာခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင် ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဉပဒေ ပုဒ်မ ၄၀(ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော် အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်း’’ ပင်ဖြစ်ကြောင်း၊

        တပ်မတော်အနေဖြင့် ဖွွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာထိန်းသိမ်း စောင့်ရှောက် ရန် တာဝန်ရှိသည့်အတွက် ဉပဒေမဲ့ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူလိုမှုများ ကြောင့် တပ်မတော်က မလွှဲမရှောင်သာ ဉပဒေနှင့်အညီ ဒီမိုကရေစီ အနှစ်သာရနှင့် ဆန့်ကျင်ဘက်ရလဒ်များ မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော် အာဏာကို ထိန်းသိမ်း ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး  နိုင်ငံတော်ကို အရေးပေါ်ကာလသတ်မှတ်ချက်အတွင်း ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ၉ ရပ်ပါ အတိုင်း နိုင်ငံတော် ကိစ္စအရပ်ရပ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးပေါ် ကာလတာဝန်များ ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည် ပြုလုပ်၍ တာဝန်လွှဲပြောင်းမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါ သဘောတူညီ ချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဆို သည့်အချက် နှင့်အညီ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ရန်အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိစေရန် မူဝါဒ ၆ ရပ်ကို ချမှတ်ပြီး ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမူဝါဒများသည်လည်း နိုင်ငံအကျိုးစီးပွား၊ တိုင်းရင်း သား ပြည်သူများ၏ အကျိုးစီးပွားကိုသာ ရှေးရှုပြီး ရေရှည်မျှော်တွေး ချမှတ်ခဲ့ တာပဲဖြစ်ကြောင်း။

 ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံရေးနည်းအရ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၃၀ ရက် အထိ နိုင်ငံတော်၏လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို ထိပါးနှောင့်ယှက် တိုက်ခိုက်ချိန်မှလွဲ၍ အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် တပ်မတော် အနေ ဖြင့် ထာဝရငြိမ်းချမ်းရေး အမှန်တကယ် ရယူလိုသည့်ဆန္ဒကိုအရင်းခံပြီး ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိတာဝန်ကျရာ တပ်ရင်း၊တပ်ဖွဲ့များကိုရောက်သည့်အချိန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပေးအပ်တဲ့တာဝန်များကို အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

တပ်မတော်က နိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းထားရသည့်ကာလတွင် တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှု ပျက်ပြားအောင်၊ တပ်မတော်သား အချင်းချင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ စည်းလုံး ညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်း အချို့က နည်းလမ်းမျိုးစုံနှင့် ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သည့်အတွက် ယင်းထိုးနှက် တိုက်ခိုက် မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးနှင့် တပ်ပြင် စည်းရုံးရေး ကို ခိုင်မာအောင် တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ် ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ နေရေး၊ ဝတ်ရေးနှင့် ပတ်သက်ပြီး တပ်များအပေါ်တွင် စေတနာထား လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ညီညွတ်မျှတ သည့် အုပ်ချုပ်ရေးစနစ်ရှိမှသာလျင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာမည်ဖြစ် ကြောင်း၊         တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင် စစ်သည်တော် ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး မိမိတို့၏နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ ကူညီစောင့်ရှောက် ခြင်းများ အပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို စေတနာထားဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း။

        ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်များ အပါ အဝင် လုံခြုံရေးနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ နှင့်ပေါင်းစပ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းအားဖြင့် တပ်ပြင် စည်းရုံးရေး အားကောင်းအောင် လုပ်ဆောင်ပေးသွားရန်လိုအပ်ကြောင်း၊ ပြည်သူ လူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရာတွင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ထမ်းအဖွဲ့အစည်းများနှင့် ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့အပြင် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား နိုင်ငံရေးပါတီနှင့် နိုင်ငံရေးသမားများ၏ စည်းရုံးမှုမခံရစေရေး အတွက် နိုင်ငံတော်၏ ပကတိအခြေအနေများကို ရှင်းလင်းပြောကြားထားရန် လိုအပ် ကြောင်း၊   တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကိုသာ အာရုံထားပြီး တပ်မတော် နှင့် ပြည်သူလူထုသည် အရေးကြီးမှ သွေးစည်းခြင်းမျိုးမဟုတ်ဘဲ နိုင်ငံ့အကျိုးနှင့် ယှဉ်လာပါက အမြဲတမ်း သွေးစည်းညီညွတ်အောင် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ပြည်သူအားလုံး၏ စုပေါင်းအားရရှိစေရေးအတွက် တပ်ပြင်စည်းရုံးရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်သလို တပ်ပြင် စည်းရုံးရေး အောင်မြင်စေရေး အတွက်ကိုလည်း တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာမည့် မည်သည့်တာဝန်မျိုးကို မဆို ကျေပွန်အောင် ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲ ဖြစ်ပေါ်နေ သည့် စစ်မှုရေးရာနှင့် စစ်လက်နက်ဆိုင်ရာ အတတ်ပညာများကို ခေတ်နှင့်အညီသိရှိပြီး ဆက်စပ်တွေးခေါ် လုပ်ကိုင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ’’ ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်နေစဉ် စစ်ဘက်၊ နယ်ဘက် ဉပဒေများကို လိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်အပေါ်၊ ရဲဘော်ရဲဘက်ချင်း အပေါ် သစ္စာစောင့်သိမှုတို့ဖြင့်  ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားသွား ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းပြီး ငယ်သားများနှင့် အထက်တပ်မှူးများက အားကိုးယုံကြည်ရသည့် ခေါင်းဆောင်ငယ် များ ဖြစ်အောင် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကျင့်ကြံနေထိုင် ကြိုးစားသွားကြရ မည်ဖြစ်ကြောင်း၊ တပ်တွင်းတပ်ပြင်စည်းရုံးရေးကို ခိုင်မာအောင် တည်ဆောက်ကာ နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန် အောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေ စည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးအခမ်းအနား မှ ပြန်လည် ထွက်ခွာသည်။

သင်တန်းဆင်းပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး သရေစည်သူ စိုးဝင်းသည် ဧရခရိပ်သာ၊ ဧည့်ခန်းမဆောင်၌ ဆုရ ဗိုလ်လောင်းများ အား တွေ့ဆုံ၌ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။