တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၄) သူရတပ်ခွဲ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်  ဧပြီ  ၉

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၄) သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)စစ်ရာထူးခန့်ထားရေး ခန်းမဆောင် ၌ကျင်းပရာ  ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့် ရေး အရာရှိချုပ် ဗိုလ်ချုပ်ကိုလေး၊  ဗထူး တပ်နယ်မှူး ဗိုလ်မှူးချုပ်လှမိုးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ   တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနား အစီအစဉ်အရ  စစ်ရာထူးခန့်ချုပ်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ချီးမြှင့်သည်။  ဆက်လက်၍ စစ်ရာထူးခန့်ချုပ်က အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၂၄)တွင် တပ်မတော်(ကြည်း)မှ စစ်သည်  ၁၃၅ ဦး၊ တပ်မတော်(ရေ)မှ စစ်သည် ၆ ဦး၊ တပ်မတော်(လေ)မှ စစ်သည် ၇ ဦးနှင့် အရပ်သားဘွဲ့ရ  ၂ ဦး၊ စုစုပေါင်း ၁၅ဝ ဦးတို့ တက်ရောက် အောင်မြင်ခဲ့ကြသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ ကျောင်းဆင်း အရာရှိများအနက် အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၁ ဦး၊ သီဟ သူရဘွဲ့ရရှိသူ ၁ဝ ဦး၊ သူရဘွဲ့ရရှိသူ ၉၄ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခံရသူ ၄၁၁ ဦးအထိ ရရှိခဲ့ပြီး ဖြစ်ကြောင်း  သိရသည်။