တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့ကြသူများ၏ စကားသံများ

 

နေပြည်တော် ဇန်နဝါရီ ၄

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိခန်းမ၌ကျင်းပရာ အဆိုပါ အခမ်းအနားတွင် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့ကြသော ဇာနည်ဖွားအောင်စစ်သည်များ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဗိုလ်မှူးကြီးမျိုးဆက်အောင်

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်  လက်မှတ်များချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားမှာ ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ဖြစ်ပါတယ်။ မြေပြင်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ တပ်မတော်အကြီးအကဲတွေက အသိအမှတ်ပြုပြီး ကိုယ်တိုင် ကိုယ်ကျ အခုလိုတခမ်းတနားနဲ့ ခေါ်ယူပြီး ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်တွေ ချီးမြှင့်ပေးတဲ့အတွက်ကြောင့်  ရင်ထဲမှာလည်း အတိုင်းမသိကျေနပ်မိပါတယ်။   ချီးမြှင့်ပေးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုလည်း လေးလေးစားစားနဲ့ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်တဲ့ အခါမှာ  ဒို့တာဝန်အရေး သုံးပါးကိုဦးထိပ်ထားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ တပ်မတော် သားတွေ အနေနဲ့လည်း မနက်မိုးလင်း၊ ညနေတန်းစီ ချိန်တွေမှာရွတ်ဆိုနေရတဲ့ သစ္စာလေးချက်ကို  ဦးထိပ်ထားပြီး လေးလေးနက်နက် ယုံကြည်ကိုးစားပြီး ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် ကွတ်ခိုင်ဒေသဖြစ်စဉ်မှာ အခုလိုဆုရရှိခဲ့ တာဖြစ်ပါတယ်။ တပ်မတော် အကြီးအကဲတွေက  မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး   ထိထိရောက်ရောက်နှိမ်နင်းပါဆိုတဲ့အတွက်  ကျွန်တော်ကိုယ်တိုင်ဦးစီးပြီး  တပ်မတော် အကြီးအကဲတွေ   လမ်းညွှန်တဲ့အတိုင်း အောင်အောင်မြင်မြင် ပီပီပြင်ပြင်ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးကိုလည်း အောင်မြင်စွာ တားဆီးနိုင်တဲ့အတွက်ကြောင့်နှင့် မူးယစ်ဆေးဝါး ဖော်ထုတ်မှုနဲ့ပတ်သက်ပြီး ရန်သူဘက်ကနေ ကွတ်ခိုင်ဒေသမှာ တိုက်ကွက် တွေဖော်လာတဲ့ အချိန်မှာပြန်လည်ပြီး   ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တပ်မတော် အကြီးအကဲများက အသိအမှတ်ပြု ပေးအပ်ခြင်းပဲဖြစ်ပါတယ်။  တပ်မတော်မှာက  ရိုးသားစွာကြိုးစားပြီး ဆောင်ရွက်တဲ့ အခါမှာ  ကိုယ်ရဲ့လုပ်ဆောင်ချက်တွေက အောင်မြင် လာတဲ့တစ်နေ့ ဆောင်ရွက်လာခဲ့တဲ့အချက် တွေပေါ်ကို လူကြီးတွေ အသိအမှတ်ပြုလာ တဲ့တစ်နေ့မှာ ဒီလိုပဲ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခံရမယ်ဆိုတဲ့အတွက်ကြောင့်  အားလုံးပဲရိုးသားကြိုးစားပြီး နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ကြပါလို့ ပြောချင်ပါတယ်။

 

ဗိုလ်ကြီးလင်းလင်းထွန်း

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

ကျွန်တော်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးနယ်မြေ အဖြစ်နဲ့ တာဝန်ထမ်း ဆောင်စဉ်ကာလမှာ ဒို့တာဝန်အရေး သုံးပါးကို ထိပါးသူများအား အသက်နှင့် ရင်းပြီး သူတစ်ပြန်ကိုယ်တစ်ပြန် ပစ်ကြခတ်ကြတဲ့အချိန်မှာ ငါသေနိုင်တယ်ဆိုတာ ကိုသိပေမယ့်လည်း ညီရင်းအစ်ကိုစိတ်ဖြင့် သေနတ်ထိမှန်နေတဲ့   စစ်သည်များကို အမှန်တကယ် လက်တွေ့ကြုံတွေ့လာတဲ့ အချိန်မှာတက်ဆွဲပြီး  ကယ်တင်မှုတွေ လုပ်ဆောင်ပေးခဲ့တာဟာဖြင့် ရင်ထဲမှာ အခုထိရှိနေပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်တက်ရောက်ပြီး ချီးမြှင့်ပေးအပ်တဲ့အတွက် အထူးပဲဝမ်းသာ ဂုဏ်ယူမိပါတယ်။ တပ်မတော်ထဲမှာ တာဝန်ထမ်း ဆောင်စဉ်တစ်လျှောက်လုံး နိုင်ငံတော်နဲ့ တပ်မတော် အတွက် ကိုယ်စွမ်းနိုင်သလောက် တတ်နိုင်သလောက် အကျိုးပြုနိုင်တဲ့ တပ်မတော်သားကောင်း တစ်ဦးဖြစ်အောင်  ဆက်လက်လုပ်ဆောင်သွားမှာပါ။

 

ဒုတိယတပ်ကြပ်နေဇာရှိုင်း

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

ကျွန်တော်ကတော့စစ်ဆင်ရေး နယ်မြေအဖြစ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ နိုင်ငံတော်နဲ့ တပ်မတော် အတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့လို့ ၂၀၂၁ ခုနှစ်  ဇန်နဝါရီ  ၄  ရက်  (လွတ်လပ်ရေးနေ့)မှာ   တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ပါတယ်။ တပ်မတော်သားတစ်ဦးအနေနဲ့ကတော့ နိုင်ငံတော်နှင့်အမိမြေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့  အသိစိတ်ကို တပ်မတော်သားတစ်ဦး အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင်ရတဲ့ အချိန်ကစပြီး သင်ကြားပေးလိုက်ပြီးဖြစ်ပါတယ်။ ငါ့နိုင်ငံ တော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဆိုတဲ့အတိုင်း ကျွန်တော်တို့ နေ့စဉ်ရွတ်ဆိုနေတဲ့ သစ္စာလေးချက်ထဲမှာလည်း ပါပါတယ်။  ဒါတွေက ခံယူစောင့်ထိန်း လိုက်နာရမည့်တာဝန်တွေပါ။ ဘယ်စစ်သား တိုင်းမှ စစ်ဆိုတာမတိုက်ချင်ပါဘူး။  စစ်ဆိုတာခက်ခဲမယ်၊ ကြမ်းတမ်းမယ်၊ ပင်ပန်း ဆင်းရဲမယ်၊ နောက်ဆုံး အသက်ပါပေးဆပ် ရမယ်ဆိုတာသိပါတယ်။ အခုကျွန်တော်တို့ သွားရောက်တိုက်ခိုက်ရတဲ့ နယ်မြေမှာဆိုရင် တောတောင်အထပ်ထပ်ကို ခက်ခဲစွာဖြတ်ကျော်ပြီး ရက်ရှည်ခရီးနှင်ကာ တိုက်ခိုက်ခဲ့ရတာပါ။  တိုက်ပွဲမှာဆိုရင် ကျွန်တော့်ညီလေး စစ်သည်တစ်ဦးမိုင်းထိတဲ့အချိန်မှာ တစ်ဖက်ရန်သူပစ်အားတွေကြားကနေ သွားရောက်ကယ်တင်ရန် ကြိုးစားခဲ့ပြီး  ကျွန်တော့်လက်ပေါ်မှာတင် သေဆုံးခဲ့ရတဲ့ အဖြစ်လေးကတော့ ကျွန်တော့်ဘဝမှာ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။  အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ဒီဆုကို ချီးမြှင့်ပေးအပ်တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ နိုင်ငံတော်၏တာဝန်ကို အထက်မှပေးအပ်တဲ့ အမိန့်နဲ့တာဝန်အတိုင်း ကျေပွန်စွာဆက်လက်တာဝန်ထမ်း ဆောင်သွားမှာပါ။

 

ဗိုလ်ကြီးအောင်ကျော်ကျော်(ငြိမ်း)

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်)

ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိခဲ့တာပါ။ ကျွန်တော်တို့က တပ်မတော်သားတွေဖြစ်တဲ့အတွက် ဒို့တာဝန်အရေးသုံးပါးကို  ထိပါးလာရင်တော့   ကာကွယ်စောင့်ရှောက်ဖို့အတွက် တာဝန်အပြည့်အဝရှိပါတယ်။ ဒီတိုက်ပွဲမှာလည်း ကျွန်တော့်ရဲ့ အသက်ကို ပဓာနမထားဘဲ လက်အောက်မှာရှိတဲ့  အရာရှိ၊  စစ်သည်တွေကို  စနစ်တကျကြပ်မတ် ကွပ်ကဲပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက်  နိုင်ငံတော်နဲ့  တပ်မတော်က ချီးမြှင့်ပေးအပ်ခြင်းခံရတာပါ။ စစ်သည်တိုင်း ဆိုတာက ဒီဆုကိုရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တိုက်နေတာမဟုတ်ပါဘူး။  ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မတိုက်မဖြစ်တိုက်နေရတာပါ။ အခုလို တိုက်ပွဲမှာ  စွမ်းစွမ်းတမံ  တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ချီးမြှင့် ပေးအပ်တဲ့အတွက် အတိုင်းမသိဝမ်းသာ မိပါတယ်။  အခုချိန်မှာ တပ်မတော်က အနားယူပေမယ့်လည်း  အရေးကြုံလာရင် အမြဲတမ်းအသင့်ဖြစ်နေမှာပါ။

 

ဒေါ်စိုးမေသန်း၊

တပ်ကြပ်ကြီးခင်ဦး(ကျဆုံး)၏ဇနီး

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

ကျွန်မအမျိုးသားက ၂၀၁၉ ခုနှစ် မတ် ၁၄ ရက်က စစ်မြေပြင်တစ်နေရာမှာ  ကျဆုံးသွားခဲ့ပါတယ်။ ကျွန်မအမျိုးသားကျဆုံးသွားပြီလို့    သိလိုက်တဲ့အချိန်မှာ  ရင်ထဲမှာပြောမပြတတ်အောင် ခံစားရပါ တယ်။ ဒါကလည်း  ကျွန်မတို့လို ပါရမီဖြည့်ဖက် ရဲမေများအနေနဲ့ကလည်း အမျိုးသားရှေ့တန်းထွက်ပြီ ဆိုတဲ့အချိန်ကစပြီး  ဘယ်နေ့မှာ ဘာသံကြားရမယ်ဆိုတာကို စိုးထိတ်စွာစောင့်နေရတာပါ။ ကျဆုံးသွား ပြီဆိုတော့လည်း နိုင်ငံတော်နဲ့တပ်မတော်အတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ရင်း အသက်ပေးဆပ် ရတာဖြစ်တာကြောင့် ကျွန်မစိတ်ကိုဖြေသိမ့်ရပါတယ်။   ဒီလို  ကျွန်မအမျိုးသားရဲ့လုပ်ဆောင်မှု၊ အသက် ပေးဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံတော်နဲ့ တပ်မတော်ကအသိအမှတ်ပြု (သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်) ပေးအပ်ခဲ့တဲ့အတွက် တပ်မတော်အကြီးအကဲတွေကို  အထူးကျေးဇူးတင်ပါတယ်။     ။