တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခုနစ်သောင်းကျော် ကုသပေးနိုင်ခဲ့

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခုနစ်သောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်  သြဂုတ်  ၉

ပြည်သူလူထုအတွက် အဓိက အကျဆုံး ဖြစ်သော  ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ  ပြင်ပလူနာပေါင်း ၂၇၈၅၈၇ ဦးနှင့်  အတွင်းလူနာပေါင်း ၈၁၆၄၈ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစားခွဲစိတ် ကုသရန် လိုအပ်သူ ၁၂၉၃၆ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၆၉၉၃ ဦး၊ စုစုပေါင်း ၁၉၉၂၉ ဦးတို့ကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့သည့်အပြင်  စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။

ထို့ပြင်ကလေးမီးဖွားလူနာ ၆၇၂၇ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၉၃၆၃ ဦးကို သာမန်ဖြင့် လည်းကောင်း  မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိကလေးငယ် ၁၆ဝ၉ဝ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့်   ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။