တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ် ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ  နှစ်သိန်းငါးသောင်းကျော် ကုသပေးနိုင်ခဲ့

နေပြည်တော်၊ ဇွန် - ၂၀

ပြည်သူလူထုအတွက် အဓိက အကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၂၁၇၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၄၀၄၁ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၁၇၃၉ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၆၁၀၁ ဦး၊ စုစုပေါင်း ၁၇၈၄၀ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွား လူနာ ၅၉၄၈ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၅၆၈ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိကလေးငယ် ၁၄၅၁၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။