တပ်မတော်နှင့်အတူ လွတ်လပ်ရေးကိုကာကွယ်စောင့်ရှောက်

တပ်မတော်နှင့်အတူ လွတ်လပ်ရေးကိုကာကွယ်စောင့်ရှောက်

မြန်မာလူငယ်တိုင်းသည် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဖြစ်ရပ်များကို လေ့လာသိထားသင့်သည်။ သမိုင်းဆိုသည်မှာ သမိုင်းဘာသာသင်ယူသူများနှင့်သာ သက်ဆိုင်သည်မဟုတ်၊ မြန်မာအားလုံးနှင့် သက်ဆိုင်သည်။ သမိုင်းကို များများမလေ့လာနိုင်သော်မှ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ခေတ် နိုင်ငံတည်ဆောက်မှုကို သိထားသင့် သည်။ မြန်မာတို့သည် ရိုးသားလွန်းကြသည်။ မြန်မာဘုရင်တို့သည် မိမိအပေါ် သစ္စာခံသူတို့နှင့် ပတ်သက်လာလျှင် ယုံကြည်လွယ်သည်။ ထိုသူတို့တွင် အခက်အခဲနှင့် ကြုံလာလျှင်  ထောက်ပံ့ပေးကမ်းကြည့်ရှုသည်။ ဘေးရန်များ ကြုံနေလျှင်လည်း  ထိုဘေးရန်ကို ကာကွယ်ပေးလေ့ရှိသည်။

အခြားသောလူမျိုးများက မြန်မာတို့ကဲ့သို့ ရိုးဖြောင့်ခြင်းမရှိကြောင်းကို သမိုင်းတွင်တွေ့သိနိုင်သည်။  ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားသည် အလောင်းမင်းတရားကြီး၏ သားတော်တစ်ပါးဖြစ်ပြီး နိုင်ငံတော်ကို ကြာရှည်တည်တံ့စွာ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုခေတ်က မဏိပူရ၊ အာသံနှင့်စစ်တကောင်းနယ်တို့သည် မြန်မာပိုင် နယ်မြေများဖြစ်သည်။ အသက် ၁၄ နှစ်သာရှိသေးသော အာသံစော်ဘွားစန္ဒရကန္တရှိန်သည် မြန်မာမင်း၏ ကျေးဇူးသစ္စာတော်ခံဖြစ်သည်။ ထိုအာသံစော်ဘွားစန္ဒရကန္တရှိန်ကို မှူးမတ်တို့က အခြားပြည်သားများနှင့် ပေါင်းကာ ၁၈၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၁၈ ခုနှစ်တွင်တစ်ကြိမ် ထီးနန်းမှချခဲ့ကြသည်။ ဘိုးတော်ဘုရားက နောင်အခါမဟာဗန္ဓုလဖြစ်လာမည့် နေမျိုးသူရရဲခေါင်ဦးစီးသော မြန်မာတပ်များကို သွားရောက်စေကာ စန္ဒရကန္တရှိန် ကို နှစ်ကြိမ်တိုင်တိုင် ထီးနန်းပြန်တင်ပေးခဲ့သည်။

ထိုစန္ဒရကန္တရှိန်သည် မြန်မာတို့၏ ကူညီရိုင်းပင်းမှုကို မထောက်ထားဘဲ အင်္ဂလိပ်နယ်ချဲ့၏ သွေးထိုး မြှောက်ပင့်ပေးမှုဖြင့် မြန်မာမင်းကို ၁၈၂၁ ခုနှစ်တွင် ပုန်ကန်လေသည်။ ထို့ကြောင့် ဘကြီးတော်မင်းတရားက မဟာဗန္ဓုလအား တပ်များကိုကွပ်ကဲစေ၍ အာသံသို့ချီတက်နှိမ်နင်းစေခဲ့သည်။ မဟာဗန္ဓုလ၏ တပ်မတော်ကို စန္ဒရကန္တရှိန်က ဇူရဟတ်မြို့အနီးတွင် စစ်သည်သုံးသောင်းကျော်၊ ဆင်မြင်းအလုံးအရင်းနှင့် ခုခံတိုက်ခိုက်သည်။ ထိုပွဲတွင် မြန်မာတို့ကအနိုင်ရလိုက်သည်။ စန္ဒရကန္တရှိန်မှာ အင်္ဂလိပ်ပိုင်နက်သို့ ပြေးဝင်ခိုလှုံသွားသည်။

မြန်မာတို့က အင်္ဂလိပ်တို့ထံ စန္ဒရကန္တရှိန်ကို ပေးအပ်ရန်တောင်းဆိုသည်။ အင်္ဂလိပ်တို့က မလိုက်လျောသည့် အတွက် အင်္ဂလိပ်-မြန်မာဆက်ဆံရေး တင်းမာလာခဲ့သည်။ အာသံအရေးအခင်းပြီးနောက် မဏိပူရအရေးအခင်း ပေါ်လာပြန်သည်။ မဏိပူရသည်လည်း မြန်မာတို့ လက်အောက်ခံနယ်မြေဖြစ်သည်။ ဘကြီးတော်နန်းတက် သောအခါ မြန်မာတို့နန်းတင်ပေးခဲ့သော မာဂျစ်ဆင်းသည် သစ္စာခံခြင်းမပြုဘဲနေလေသည်။ ထို့ကြောင့်  မဏိပူရကို တိုက်ခိုက်ရပြန်သည်။ မာဂျစ်ဆင်းသည် ကချာနယ်သို့ထွက်ပြေးသဖြင့် ကချာအရေးအခင်းပေါ်လာရပြန်သည်။ ကချာနယ်အတွင်းရောက်ရှိနေသော ချော်ဂျစ်ဆင်း၊ မာဂျစ်ဆင်းနှင့်ဂမ္တာဆင်းတို့သည် အင်္ဂလိပ်တို့၏ အကူအညီဖြင့် မြန်မာတို့အားတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။

၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်တို့က ကချာနယ်ကို သိမ်းပိုက်ထားသည်။ မြန်မာတို့က သွားရောက်တိုက်ခိုက် ရပြန်သည်။ အင်္ဂလိပ်တို့သည် ထိုစဉ်ကတည်းကပင် မဟုတ်မမှန်သော ဝါဒဖြန့်ချိနည်းကိုသုံးခဲ့သည်။ မြန်မာတပ် တွေက နတ်မြစ်ဝအတွင်း ခရီးသွားနေသူတွေကို သေနတ်ဖြင့်ပစ်ခတ်သည်ဟူသော အကြောင်းပြချက်ဖြင့် ရှင်မဖြူကျွန်းကိုတိုက်ခိုက်သည်။ ထိုနယ်မြေ ထိုဒေသတွင် မြန်မာတပ်များအောင်ပွဲရရှိသည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ၌ စီးပွားရေးအရ သွေးစုပ်ခြယ်လှယ်နိုင်ရေး၊ အရှေ့တောင်အာရှရှိ ယင်းတို့ထူထောင်ပြီးသော ကိုလိုနီနယ်မြေများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံကိုသိမ်းပိုက်ရန် စီမံချက်ချထားပြီးဖြစ်သည်။ ရခိုင်နယ်ခြား ပြဿနာ၊ အာသံ၊ မဏိပူရ၊ ကချာနှင့် ရှင်မဖြူကျွန်းအရေးအခင်းပေါ်ပေါက်အောင်ဖန်တီးပြီးနောက် အင်္ဂလိပ်တို့က မြန်မာတို့အား ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင်  စစ်ကြေညာတိုက်ခိုက်သည်။

အင်္ဂလိပ်-မြန်မာပထမစစ်ပွဲ မဖြစ်ဖြစ်အောင်ဖန်တီးခဲ့သော အင်္ဂလိပ်တို့၏ ထိုအချိန်အခါက လုပ်ရပ်ကို မျိုးဆက်သစ်လူငယ်များ သိမြင်စေချင်သည်။ ယနေ့အချိန်ကာလတွင်လည်း ထိုကဲ့သို့သော နည်းလမ်းဟောင်းကို အသုံးပြုလျက်ရှိသည်ကို မြင်အောင်ကြည့်စေချင်သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့သည် လွယ်လွယ်ကူကူဖြစ်ပေါ်ခဲ့သည်မဟုတ်။ လွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားပြည်သူလူထုနှင့် တပ်မတော်သားတို့၏ အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေးမဆုံးရှုံးစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တပ်မတော်နှင့်အတူ ကာကွယ် စောင့်ရှောက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။