တပ်မတော်မှစစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ရေလုပ်သားများအား ပြန်လည်ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ခုတ်မောင်းလျက်ရှိ

တပ်မတော်မှစစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာ နိုင်ငံသား ရေလုပ်သားများအား ပြန်လည်ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ခုတ်မောင်းလျက်ရှိ

နေပြည်တော်၊ မတ် - ၉

Covid-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလ ရှည်ကြာစွာ ပြန်လာရန်အခက်အခဲကြုံတွေ့နေရသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရေလုပ် သားများအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး ကျော်လင်းဇော် ဦးဆောင်သော စစ်ရေယာဉ်(တပင်ရွှေထီး) သည် ၂၀၂၁ ခုနှစ်၊ မတ် ၆ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှ အိန္ဒိယနိုင်ငံသို့ စတင်ထွက်ခွာခဲ့သည်။

မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်(တပင်ရွှေထီး)သည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းရှိ ပို့ဘလဲယား (Port Blair) ရေတပ်ဆိပ်ကမ်းသို့ မတ် ၇ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ပြီး မတ် ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ကရင်လူမျိုး ၁၅ ဦး၊ ရခိုင်လူမျိုး ၁၅ ဦးနှင့် ဗမာလူမျိုး ၄၀ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ရေလုပ်သားများ ၇၀ ဦးအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံ၊ လူဝန်မှုကြီးကြပ် ရေးဌာနမှ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး မတ် ၉ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယား (Port Blair) ရေတပ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။ အဆိုပါမြန်မာနိုင်ငံသားများသည် နေရပ်ပြန်နိုင်ရေးအတွက် မည်သူဖြစ် ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ယူထားရှိပြီးသူများဖြစ်ကာ Covid-19 ရောဂါပိုး ရှိ/မရှိ ဆေးစစ်အောင်မြင်ပြီးသူများဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ယခင်အစိုးရလက်ထက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသား များအား ခေါ်ယူနိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့သဖြင့် ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ခေါ်ယူရန် ဒုတိယအကြိမ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်အဖြစ် မလေးရှားနိုင်ငံ တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသို့ပြန်လာရန် ဒုက္ခအမျိုးမျိုးကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား တက်မတော်မှ စစ်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။