တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင်- ၂၅
    
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများ နှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
    
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19  ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်းနေရာယူကာ စနစ်တကျမေးမြန်းခြင်းများကို ဆောင်ရွက်ကြသည်။
    
ဦးစွာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု ကူညီပေးရေးနှင့်သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေး(HADR-Humanitarian Assistance and Disaster Relief) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတကာတပ်မတော်များ နည်းတူ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်ကျရောက်လာမည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်တိုအတွင်း တုန့်ပြန်နိုင်စွမ်းရှိအောင် အမြဲလေ့ကျင့်လျက်ရှိပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည်နှင့် အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းခြင်းမပြုဘဲ အလျင်အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းစစ်ဌာနချုပ်အဆင့်၊ တပ်မအဆင့်၊ တပ်ရင်း၊တပ်ဖွဲ့အဆင့်အထိ ကော်မတီများဖွဲ့စည်းပြီး ထိရောက်စွာကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
    
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း ဇွန် ၂၂ ရက်မှ ဇူလိုင် ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ စည်းကမ်းဖောက်ဖျက်မှုအခြေအနေများနှင့် မူးယစ် ဆေးဝါးဖမ်းဆီးရရှိမှုအခြေအနေများ၊ ဇူလိုင် ၁၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာခန်းမဆောင်၌တွေ့ဆုံ၍ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း တပ်မတော်ချင်းပူးပေါင်းဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စ ရပ်များ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ် ဆေးဝါးနှိမ်းနင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍  ဆွေးနွေး ခဲ့သည့်အခြေအနေများအား အသေးစိတ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြား သည်။
    
အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန(၂၂ )ခုမှ သတင်းထောက် (၄၂)ဦး လာရောက် တွေ့ဆုံသတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။