တပ်မတော်သားဆိုတာ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်လာရင် ရေငုံနှုတ်ပိတ်နေလေ့မရှိ

အမေရိကန်နိုင်ငံမှာ အဖွဲ့ဝင် ၁၂၄ ဦးပါ အငြိမ်းစားစစ်ဘက် အကြီးအကဲဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နည်းပြောရရင် သူတို့က အမေရိကန်နိုင်ငံမှာ သြဇာတိက္ကမကြီးမားတဲ့ အဖွဲ့လို့ ဆိုနိုင်ပါတယ်။

အဲဒီအဖွဲ့ရဲ့အမည်ကတော့ Flag Officers 4 America ပါ။သူတို့သည် အငြိမ်းစား စစ်ခေါင်းဆောင်များဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ပံ့ပေးဖို့နဲ့ အခြေခံဥပဒေအပေါ် ကျရောက် လာတဲ့ ပြည်တွင်းပြည်ပရန်စွယ်မှန်သမျှကို ကာကွယ်တားဆီးပေးဖို့ ကတိပြုထားသူတွေဖြစ်တယ်လို့ သူတို့ ကိုယ်သူတို့ ဖော်ညွှန်းထားကြပါတယ်။

အခုတော့ အဲဒီအဖွဲ့က ယခုသီတင်းပတ်အစောပိုင်းမှာ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ ကြည်းတပ် ဗိုလ်ချုပ်ကြီးဟောင်းတွေအပါအဝင် အဖွဲ့ဝင်တွေလက်မှတ်ထိုးထားတဲ့ စာတစ်စောင်ကို ထုတ်ပြန်လိုက်ပါ တယ်။ စာမှာအဓိကဖော်ပြထားတဲ့ အကြောင်းအရာကတော့ ပြည်သူလူထုရဲ့ ဆန္ဒကိုမှန်ကန်စွာ ထင်ဟပ်စေ ခြင်းမရှိဘဲ ရိုးသားဖြောင့်မတ်မှုနဲ့တရားမျှတမှုကင်းမဲ့တဲ့ ရွေးကောက်ပွဲကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်တဲ့ သမ္မတနိုင်ငံကြီး ပျောက်ဆုံးသွားပြီလို့ ပြောထားခြင်းပါပဲ။

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ တရားရုံးချုပ်တို့အနေနဲ့ နောင်တစ်ချိန်ရွေးကောက်ပွဲမှာ ပုံမှန်မဟုတ်တဲ့ အရာတွေထွက်ပေါ် လာတယ်ဆိုရင် မြန်မြန်ဆန်ဆန်ကိုင်တွယ် ဖြေရှင်းရမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မှာဖြစ်ခဲ့သလိုမျိုး လျစ်လျူမရှုဖို့ကိုလည်း သူတို့က တိုက်တွန်းထားပါသေးတယ်။

နိုဝင်ဘာ ၃ ရက်မှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အမြောက်အမြားရှိနေတယ်ဆိုပြီး  သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ရှေ့နေတွေက ပြည်နယ်အများအပြားမှာ တရားစွဲဆိုမှုတွေလုပ်ခဲ့ပေမယ့် လည်း အောင်မြင်မှုမရခဲ့ပါဘူး။ ထရမ့်ဘက်ကဖော်ပြတဲ့မဲမသမာမှုတွေထဲမှာ ကွယ်လွန်ပြီးသား သူတွေရဲ့ မှတ်ပုံတင်တွေကိုအသုံးပြုပြီး ဂျိုးဘိုင်ဒင်ဘက်ကိုမဲထည့်မှုတွေလည်းပါရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲဟာ အမေရိကန်သမိုင်းမှာ အကျင့်ပျက်မှုအများဆုံး ရွေးကောက်ပွဲ တစ်ခုဖြစ်တယ် လို့ ထရမ့်ကပြောဆိုသတ်မှတ်ခဲ့တာပါ။ စစ်ဘက် အကြီးအကဲဟောင်းတွေ ထောက်ပြတဲ့   နောက်တစ်ချက်ကတော့ H.R.1 & S.1 လို့ခေါ်တဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းရဲ့ အန္တရာယ်တွေ ပါပဲ။

အကယ်၍ ကွန်ဂရက်ကအဲဒီဥပဒေကြမ်းကို အတည်ပြုလိုက်မယ်ဆိုရင် ရွေးကောက်ပွဲရဲ့တရားမျှတမှုကို ပျက်စီးစေမှာဖြစ်ပြီး ပြည်သူလူထုကိုကိုယ်စားပြုတဲ့သမ္မတနိုင်ငံကြီးပျောက်ဆုံးကာ ဒီမိုကရက်တွေအနေနဲ့ ထာဝရအာဏာရရှိသွားနိုင်တဲ့အပြင် ဒါဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ချိုးဖောက်ရာရောက်နေတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေက ပြောထားပါတယ်။ နောက်တစ်ချက်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဟောင်းတွေကပြောထားတာဖြစ်ပါတယ်။

သမ္မတတစ်ယောက်အနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ချက်ကို အချိန်မရွေး၊ နေရာ မရွေး မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ချမှတ်ဖို့ အရေးကြီးပါတယ်။ ဂျိုးဘိုင်ဒင်ဟာမကြာသေးခင်က နျူကလီးယား လက်နက်လျှို့ဝှက်ကုတ် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ပတ်သက်ပြီး ပြိုင်ဘက် နျူကလီးယားလက်နက်ပိုင်  နိုင်ငံတွေကို သတင်းပေးလိုက်သလိုပါပဲ။

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ပြောစရာဖြစ်တာက အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ မတ်လနှောင်းပိုင်းက အတ္တလန္တာမြို့ကိုမသွားခင် အဲဖို့(စ်)ဝမ်း လေယာဉ်ပေါ်အတက်မှာ လှေကားထစ်တွေကိုခလုတ်တိုက်မှု သုံးကြိမ်ဖြစ်ပွားပြီး တစ်နေရာအရောက်မှာတော့ ဒူးထောက်ကျသွားတဲ့ အထိကို ဖြစ်သွားပါတယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီးတွေပြောတဲ့ နောက်တစ်ချက်ကတော့ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းတိုက်ခိုက်ပြီး အာဏာရှင်ဆန်ဆန် ပြုမူနေခြင်းပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ဒီလိုပြောရတာက ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့ဟာ ထရမ့်အစိုးရ အဖွဲ့ ချမှတ်ခဲ့တဲ့ ထိရောက်တဲ့မူဝါဒတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းပြန်လှန်လိုက်ခြင်း ကြောင့်ပါပဲ။

နောက်ဆုံးတစ်ချက်ကတော့ သူတို့အနေနဲ့ အမေရိကန်နိုင်ငံရေးမှာ ဘာကြောင့်ဝင်ပါရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အငြိမ်းစားဗိုလ်ချုပ်ကြီးတွေက နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ ဒါပေမဲ့ လက်ရှိနိုင်ငံက တွေ့ကြုံနေရတဲ့အခြေအနေက သေရေးရှင်ရေးတမျှဖြစ်နေကြောင်း၊ ဒီအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်တွင်း ပြည်ပရန်စွယ်တွေကနေ ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ ကတိစကားကိုတည်စေလိုတဲ့အနေနဲ့ အခုလိုထုတ်ဖော်ပြောရတာဖြစ်ကြောင်း ဗီယက်နမ် စစ်ပြန်ဟောင်းတစ်ဦးဖြစ်တဲ့အပြင် အခုထုတ်ပြန်တဲ့ စာကိုလက်မှတ်ထိုးထားတဲ့ ဗိုလ်ချုပ်ဂျိုးအာဘက်ကယ်က ပြောထားပါတယ်။

ဒါ့အပြင် ဒီစာကိုထုတ်ပြန်ရခြင်းရဲ့ ရည်ရွယ်ချက်က နိုင်ငံတော်လုံခြုံရေးနဲ့ သက်ဆိုင်တဲ့အန္တရာယ်တွေကို ပြည်သူတွေအနေနဲ့ သတိထားမိစေဖို့နဲ့ အခုလိုမျိုးသာမထုတ်ပြန်ဘူးဆိုရင် ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရား ကို တမင်ပျက်ကွက်ရာရောက်ကြောင်း ဗိုလ်ချုပ်ဂျိုးအာဘက်ကယ်က အလေးပေးပြောထားပါတယ်။

တကယ်တော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးအကြီးဆုံးဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေရှိလို့သာ ဒီမိုကရေစီနိုင်ငံဆိုတာဖြစ်လာတာပါ။ ဒီအတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်ခြင်းက ဒီမိုကရေစီကိုကာကွယ်ခြင်းဖြစ်ပြီး  တပ်မတော်သားတွေအနေနဲ့ စစ်ဘက် တာဝန်တွေကနေ အနားယူသွားသည့်တိုင် နိုင်ငံတော်လုံခြုံရေးအကျိုးစီးပွားနဲ့ ပတ်သက်လာရင် ရေငုံ နှုတ်ပိတ်နေလေ့မရှိဘူးဆိုတာ စံပြဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံရှိ Flag Officers 4 America အဖွဲ့ရဲ့ထုတ်ပြန်ချက်က သက်သေပြနေပါတော့တယ်။    ။                 

Ref: Sputnik

ထက်မြတ်