တရားမဝင် Raffle Ticket ရောင်းချနေသည့်တရားခံများအား လက်နက်/မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိမှုသတင်းထုတ်ပြန်ချက်

တရားမဝင် Raffle Ticket ရောင်းချနေသည့်တရားခံများအား လက်နက်/မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိမှုသတင်းထုတ်ပြန်ချက်

နေပြည်တော်၊  စက်-၉

    အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မြို့နယ်၊ ကမ်းနားလမ်းနှင့် ဆူးလေးဘုရားလမ်းထောင့်၌ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ မောင်းနှင်ပြီး ဇော်ဝင်းနိုင်(ခ)အိုစမာ လိုက်ပါလာသည့် Suzuki Swift အနက်ရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ မတရားအသင်းကြေညာထားသည့် CRPH အဖွဲ့မှ ဖြန့်ဖြူးရောင်းချနေသော တရားမဝင် Raffle Ticket များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
    တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်တွင် ၎င်းနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ တိုက်အမှတ်(၈၃)၊ အခန်း(၄)သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ တရားမဝင် Raffle Ticket များ ရောင်းချရရှိငွေ ၁၃,၂၁၈,၀၀၀ ကျပ်၊ တရားမဝင် Raffle Ticket များနှင့် ရောင်းချရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့သည်။
    အဆိုပါ Raffle Ticket များအား တရားမဝင် CRPH အဖွဲ့ဝင် တရားခံပြေး စည်သူမောင်(NLD ပါတီမှ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းခြင်း ခံရသူ) ထံမှတစ်ဆင့်မှာယူခဲ့ပြီး ဝေလင်းထွန်း၊ သုန္ဒရီဦး၊ ယွန်းမြတ်သီရိတို့နှင့် အတူ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက် ခဲ့ရာ ဩဂုတ်လ ၃၁ ရက်တွင် သုန္ဒရီဦးအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ကြီး ရပ်ကွက်၊ (၁၀၇) လမ်း၊ အိမ်အမှတ်၊ (၁၅) ၌လည်းကောင်း၊ ယွန်းမြတ်သီရိအား မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း (၉၀)၊ (၃) လွှာ၊ အခန်းအမှတ်(၄၈)၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ 
    တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ထွက်ဆိုချက်အရ Raffle Ticket ရောင်းချ ရရှိငွေများအား စင်ကာပူနိုင်ငံ၊ Woodlands မြို့နေ ခိုင်ခိုင်စိုး ဆိုသူထံ ကျော်ညီညီမှ တစ်ဆင့်ပေးပို့ရမည်ဖြစ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ကျော်ညီညီ အား ဩဂုတ်လ ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် ဂုံးကျော်တံတားအနီးရှိ ယုဇနတာဝါရှေ့ကားပါကင်၌ ဖမ်းဆီးရမိခဲ့သည်။
    ထို့နောက် စက်တင်ဘာလ ၂ ရက်တွင် တရားခံ ကျော်ညီညီ နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မဟာဆွေလမ်း၊ မဟာဆွေကွန်ဒို၊ ပထမထပ်၊ အခန်း(၁၀၂)အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ SIG SAUER P320 SP အမျိုးအစားပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ luger ကျည် ၂၃ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ချုပ်လက်စကျည်ကာအင်္ကျီ ၇ ထည်နှင့် WY ဆေးပြား (ပန်းရောင်) ၁၂၅ ပြားအား သိမ်းဆည်းရမိခဲ့သည်။
    တရားခံ ကျော်ညီညီ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိလက်နက်ခဲယမ်းများအား ရွှေနန်းတော်ရွှေဆိုင် ဖောက်ခွဲဖျက်ဆီးမှုတရားခံများ ဖမ်းဆီးရမိဖြစ်စဉ်၌ ပါဝင်သည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခဲ့သူ တရားခံ အိဖြူသန့်(ခ)Emily ထံမှ ဇွန်လအတွင်း၌ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    သို့ဖြစ်ပါ၍ တရားမဝင် Raffle Ticket များရောင်းချ၍ လက်နက်နှင့် မူးယစ် ဆေးဝါးများ လက်ဝယ်ထားရှိသူ တရားခံ ၅ ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်သည်။