တရားဦး တရားထူး ဓမ္မစကြာ

တရားဦး တရားထူး ဓမ္မစကြာ

ဗုဒ္ဓမြတ်စွာသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူ ပြီးနောက် နှစ်လပြည့်မြောက်သည့် ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာ တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ ဓမ္မစကြာတရားတော်သည် တရားဦး တရားထူးလည်းဖြစ်ပါသည်။ ထိုတရားတော်ကို ဟောတော်မူသော ဓမ္မသဘင်ဆင်ယင် ကျင်းပသည့်နေရာမှာ ဗာရာဏသီမြို့အနီး ဣသိပတနအမည်ရသော မိဂဒါဝုန်တော ဖြစ်ပြီး တရားနာပရိသတ်မှာ လူသားထဲမှ ပဉ္စဝဂ္ဂီငါးဦးသာပါဝင်၍ တစ်သောင်းသော စကြဝဠာကမ္ဘာလောကဓာတ်မှ မရေမတွက်နိုင်သော နတ်ဗြဟ္မာများဖြစ်ပါသည်။

ဝါဆိုလပြည့် စနေနေ့ ဗုဒ္ဓမြတ်စွာဓမ္မစကြာတရားတော်ဟောကြားတော်မူခြင်းကို လယ်တီ ဆရာတော်ကြီးက “ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့် မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို” ဟူ၍ ကြည်နူးမဆုံးနှလုံး ချမ်းမြေ့ဖွယ် ရေးသားပူဇော်တော်မူထားပါသည်။

ဗုဒ္ဓမြတ်စွာသည် ဓမ္မစကြာတရားကိုဟောကြားတော်မူခြင်းဖြင့် မိမိ၏ဝါဒလမ်းစဉ်ကို ထုတ်ဖော်ကြေညာ လိုက်ခြင်းဖြစ်သည်။ ဗုဒ္ဓ၏ဝါဒလမ်းစဉ်မှာ အစွန်းနှစ်ပါးဝါဒ လမ်းစဉ်ကို ရှောင်ရှားသည့် အလယ်အလတ် လမ်းစဉ်ခေါ် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်သည်။ ကာမဂုဏ်လိုက်စားသည့် ကာမသုခလ္လိကာနုယောဂ လမ်းစဉ်ကို လက်ယာလမ်းစဉ် အဖြစ်လည်းကောင်း၊ ခန္ဓာကိုယ်ကိုညှဉ်းဆဲသည့် အတ္တကိလမထာနုယောဂလမ်းစဉ်ကို လက်ဝဲလမ်းစဉ် အဖြစ်လည်းကောင်း သိမှတ်ထားကာ ရှောင်ရှားရမည့်လမ်းစဉ်များအဖြစ် သတ်မှတ်ထားပါသည်။ ထိုဝါဒလမ်းစဉ်နှစ်မျိုးတို့မှလွတ်သော မဂ္ဂင်ရှစ်ပါးကို အမှန် ကျင့်သုံးအပ်သည့် အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းစဉ်၊ လက်ကိုင်ပြုရမည့် လမ်းစဉ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုသည်မှာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားလမ်းစဉ်ဖြင့် လျှောက်လှမ်းမှ မဇ္ဈိမပဋိပဒါ ကျမည်ဖြစ်ပါသည်။ ဘုရားရှင်က ဤနှစ်မျိုးသော အစွန်းနှစ်ပါး ဝါဒလမ်းမှားကိုမလိုက်ဘဲ ဘဝချမ်းသာကို ခံစားသောလမ်း၊ ဒုက္ခခံသော လမ်းနှစ်သွယ်၏ အလယ်လမ်းဖြစ်သော ကျင့်စဉ်လမ်းကို ငါဘုရား ထိုးထိုး ထွင်းထွင်း ရှင်းလင်း ပြတ်သားစွာသိထားပြီးပြီ။ မဇ္ဈိမပဋိပဒါခေါ်သော ထိုလမ်းစဉ်သည် ဉာဏ်စက္ခုအလင်း ရအောင်ပြုနိုင်သည်။ အသိဉာဏ်တိုးပွားအောင်ပြုနိုင်သည်။ ကိလေသာအပူတွေကို အေးငြိမ်းစေနိုင်သည်။ သစ္စာလေးပါးမြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်စေနိုင်သည်။ နိဗ္ဗာန်ဓာတ်ခေါ်အပ် အငြိမ်းဓာတ်ကိုလည်း တပ်အပ်မသွေ သိမြင်စေနိုင်သည်ဟူ၍ ဟောကြားတော်မူသည်။

မဇ္ဈိမပဋိပဒါခေါ် အလယ်လမ်းကျင့်စဉ်ဟူသည်မှာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားပင် ဖြစ်ပြီး မဂ္ဂင်ရှစ်ပါး မှာ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သမာဓိတို့ဖြစ်သည်။ ထိုမဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝမဂ္ဂင်သုံးပါးတို့သည် သီလမဂ္ဂင်မည်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်သုံးပါးတို့သည် သမာဓိမဂ္ဂင်မည်ပါသည်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ မဂ္ဂင်နှစ်ပါးတို့သည် ပညာမဂ္ဂင်မည်ပါသည်။ သီလမဂ္ဂင်ဖြင့် ကိုယ်ကျင့်တရား ကောင်းအောင် စောင့်ထိန်းကျင့်သုံးပြီး သမာဓိမဂ္ဂင်ကိုထူထောင်ကာ ပညာမဂ္ဂင်ဖြင့် ကျင့်ကြံပွားများခြင်းသည် ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းမှန် ဖြစ်ပေသည်။

မဂ္ဂင်ရှစ်ပါးတရားသဘောကို ဖော်ပြရလျှင် သမ္မာဒိဋ္ဌိ-မှန်မှန်ကန်ကန်သိမြင်ခြင်း၊ သမ္မာသင်္ကပ္ပ- မှန်မှန် ကန်ကန်ကြံစည်စဉ်းစားခြင်း၊ သမ္မာဝါစာ-မှန်မှန်ကန်ကန် ပြောဆိုခြင်း၊ သမ္မာကမ္မန္တ-မှန်မှန်ကန်ကန်ပြုမူခြင်း၊ သမ္မာအာဇီဝ-မှန်မှန်ကန်ကန် အသက်မွေးခြင်း၊ သမ္မာဝါယာမ-မှန်မှန်ကန်ကန်အားထုတ်ခြင်း၊ သမ္မာသတိ- မှန်မှန်ကန်ကန် အမှတ်ရခြင်း၊ သမ္မာသမာဓိ-မှန်မှန်ကန်ကန် တည်ကြည်ခြင်းဟူ၍ ဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် ဓမ္မစကြာတရားတော်တွင် အရေးပါသောသစ္စာလေးပါးတရားတော်ကို ဆက်လက် ဟောကြားတော်မူသည်။ သစ္စာလေးပါးတရားတော်သည် ဗုဒ္ဓဘာသာဝင်တိုင်း မသိမဖြစ်အမှန်တကယ်သိရမည့် တရားတော်ဖြစ်ပါသည်။ သစ္စာလေးပါး တရားတော်ကို မသိဘဲ နိဗ္ဗာန်မျက်မှောက်ပြုရိုးထုံးစံမရှိပါ။ ဗုဒ္ဓ မြတ်စွာ ဟောကြားထားသမျှ တရားတော် တိုင်းမှာလည်း သစ္စာလေးပါးဦးတည်ချက်ထားသည်ချည်းဖြစ်ပါသည်။

ထို့ကြောင့် အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသက “စတုသစ္စဝိနိမုတ္တော ဉေယျောနာမနတ္ထိ- သစ္စာလေးပါးမှလွတ်သော သိဖွယ်တရားမည်သည်မရှိ” ဟူ၍ မိန့်တော်မူ ထားပါသည်။ သစ္စာလေးပါးတရား သဘောမှာ ဆင်းရဲအစစ်အမှန်တရား-ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအစစ်အမှန်တရား-သမုဒယသစ္စာ၊ ဆင်းရဲငြိမ်းရာ အစစ်အမှန်တရား -နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ် အမှန်တရား-မဂ္ဂသစ္စာတို့ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် ဗုဒ္ဓသာသနာတော် တွင် ဓမ္မပန္နက်ချမှတ် စိုက်ထူသည့်တရားတော်ဖြစ်သည်။ ယနေ့သည် ဓမ္မစကြာ အခါတော်နေ့ ဖြစ်သည့်အားလျော်စွာ ဓမ္မစက္က ပဝတ္တနသုတ္တန်မှ အနှစ်ကို ကောက်နုတ် ရေးသားတင်ပြလိုက်ရပေသည်။   ။